ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ ဝါးတောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး(ဟောင်း) ဦးဇော်မိုးအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

နေပြည်တော် ၁၈  ဇူလိုင်

ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ စစ်တောင်းမြစ်ဝအတွင်း သောင်တင်နေသော စက်လှေကြီးပေါ်ရှိ တရားမဝင် ကျွန်းသစ်များ သယ်ဆောင်မှုနှင့်ပတ်သက်၍ ငွေကြေးတောင်းခံ၍ လွှတ်ပေးပြီး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက ခွဲဝေယူခဲ့ကြခြင်းအပေါ် အရေးယူပေးပါရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့မှုအပေါ် ကော်မရှင်မှ အရေးယူခဲ့ကြောင်း သိရသည်။

 

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ စစ်တောင်းမြစ်ဝအတွင်း သစ်တင်စက်လှေကြီး သောင်တင်နေသည့် သတင်းအရ နယ်မြေခံတပ်နှင့် ကဝမြို့နယ်၊ ဝါးတောကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်မိုးသည် ရွာသားအချို့နှင့်အတူ စက်လှေပေါ်သို့ တက်ရောက်ခဲ့ကြပြီး တရားမဝင်သစ်များအား ဖမ်းဆီးခြင်းမပြုဘဲ သစ်ပိုင်ရှင်ထံမှ ငွေကြေး တောင်းခံရယူခဲ့ကြကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

 

ဦးဇော်မိုးသည် တာဝန်ရှိသူအဆင့်ဆင့်အား ဆက်လက်တင်ပြခြင်းမရှိဘဲ ငွေကျပ် (၂၄၅)သိန်းကို လက်ခံရယူခဲ့ခြင်းဖြင့် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ အရ ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့မရဲစခန်းတွင် ဇူလိုင် ၇  ရက်နေ့၌ ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

အဆိုပါကိစ္စတွင် ပါဝင်ပတ်သက်ခဲ့သော စစ်မှုထမ်းနှစ်ဦးအား ကော်မရှင်၏ ညှိနှိုင်း အကြောင်းကြားချက်အရ ကာကွယ်ရေးဝန်ကြီးဌာနမှ အကျဉ်းစစ်တရားရုံးချုပ်ဖြင့် စစ်ဆေးခဲ့ပြီး တပ်မတော်အက်ဥပဒေပုဒ်မ ၅၁(စ)အရ အပြစ်ဒဏ်အား ၃၁-၃-၂၀၂၀ ရက်နေ့တွင် ချမှတ်ခဲ့ကြောင်းနှင့် သစ်ပိုင်ရှင် ဦးမင်းမင်း ဆိုသူမှာ ၁၁-၁၂-၂၀၁၉ ရက်နေ့တွင် ကွယ်လွန်ပြီး ဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် ၎င်းအား အမှုတွင်ထည့်သွင်းစွဲဆို၍ မရနိုင်တော့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သတင်းထုတ်ပြန်ထားသည်။

Credit#ACC Myanmar