ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု လှေလှော်ကစားသမားများအား အောင်နိုင်ရေးအလံပေးအပ်

ပဲခူး   ဇန်နဝါရီ   ၂၇

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းက တိုင်းဒေသကြီး/ပြည်နယ် အသက် ၂၃ နှစ်အောက် အမျိုးသား/အမျိုးသမီး လှေလှော် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု အားကစားသမားများအား အောင်နိုင်ရေးအလံ ပေးအပ်ခဲ့သည်။

အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက “တိုင်းဒေသကြီး/ ပြည်နယ် လှေလှော်ပြိုင်ပွဲများတွင် ပဲခူးတိုင်းဒေသကြီးလှေလှော်အသင်းမှ ရွှေတံဆိပ်ဆုများနှင့် တံခွန်စိုက်ဆုဖလားများ ရရှိထားသည့် အစဉ်အလာကောင်းရှိပြီး ဆက်လက်၍လည်း ပဲခူးတိုင်းဒေသကြီး ဂုဏ်ဆောင် လှေလှော်အသင်းမှ ရွှေတံဆိပ်ဆုများအပြင် တံခွန်စိုက်ဆုဖလားများ ရရှိအောင် စိတ်ဓာတ် စည်းကမ်းပြည့်ဝစွာ အကောင်းဆုံး ယှဉ်ပြိုင်ကြိုးစားကြစေလိုကြောင်း၊ ပြိုင်ပွဲကာလအတွင်း ကိုဗစ်-၁၉ စည်းကမ်းချက်နှင့် အညီ နေထိုင်သွားလာကြရန်၊ အားကစားကွင်း၊ အားကစားရုံ၊ အိပ်ဆောင်များ၌ သတ်မှတ်ထားသည့် စည်းကမ်းများကို လိုက်နာကြရန်နှင့် တိုင်းဒေသကြီးဂုဏ်ဆောင် အားကစားသမားများမှ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်စေရန် အားကစားစိတ်ဓာတ်အရင်းခံပြီး ကြိုးစားကြ စေလိုကြောင်း” ဩဝါဒစကား ပြောကြားသည်။ 

ထို့နောက် ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အသင်းခေါင်းဆောင်၊ နည်းပြနှင့် အုပ်ချုပ်သူများထံ အောင်နိုင်ရေးအလံအား ပေးအပ်ပြီး သွားရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအတွက် ထောက်ပံ့ငွေကျပ် သိန်း ၂၀ အား ပေးအပ်သည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ခိုင်က ပဲခူးတိုင်းဒေသကြီး ဂုဏ်ဆောင် လှေလှော်အသင်း အားကစားသမားများ ရွေးချယ်မှု၊ စခန်းသွင်း လေ့ကျင့်မှုနှင့် သွားရောက်ယှဉ်ပြိုင်မည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားသည်။

အဆိုပါ တိုင်းဒေသကြီး/ပြည်နယ် အသက် ၂၃ နှစ်အောက် အမျိုးသား/အမျိုးသမီး လှေလှော် ပြိုင်ပွဲအား ရန်ကုန်မြို့၌ ဇန်နဝါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးမှ အမျိုးသား/အမျိုးသမီး လှေလှော်ကစားသမား ၂၈ ဦး ဝင်ရောက်ယှဉ်ပြိုင် ကြမည်ဖြစ်သည်။

တင်စိုး(ပဲခူး)