ပဲခူးတိုင်းဒေသကြီး၌ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှုန်း နှစ်ရာခိုင်နှုန်းအောက် ရောက်ရှိကျဆင်း

ပဲခူး   အောက်တိုဘာ   ၂၅

 

ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၂၂/၂၀၂၁)ကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းက Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်း နှစ်ရာခိုင်နှုန်းအောက် ကျဆင်းနေပြီဖြစ်သော်လည်း ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများကို ပေါ့ဆ၍ မရဘဲ အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း” ပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသီဟက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု အခြေအနေနှင့် ကာကွယ်ဆေးထိုးနှံပြီးစီးမှုကို လည်းကောင်း၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အကြံပြုချက်များနှင့် ကာကွယ်ဆေးထိုး ဆောင်ရွက်မှုကိုလည်းကောင်း၊ တိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူးက အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား ကျောင်းသူများ ကာကွယ်ဆေးထိုးနှံပြီးစီးမှုကိုလည်းကောင်း၊ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက မြို့နယ်အလိုက် ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် သီးခြားလိုအပ်ချက်များကိုလည်းကောင်း တင်ပြ ဆွေးနွေးကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

 

 

တင်စိုး(ပဲခူး)