ပဲခူး    မေ    ၂၀

Football  for  School၊ Smart School Program  ဘောလုံးသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက  ဟံသာဝတီယူနိုက်တက် ဘောလုံးကွင်း၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်၍ တိုင်းဒေသကြီးဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်စေရေး စဉ်ဆက်မပြတ်ကြိုးစားလေ့ကျင့်ကြစေလိုကြောင်း   အမှာစကားပြောကြားသည်။

ထို့နောက် သင်တန်းဆင်းလက်မှတ်နှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအတွက်   အားကစားပစ္စည်းများပေးအပ်ပြီး သင်တန်းသားများ၏ ဘောလုံးလေ့ကျင့်မှု  သရုပ်ပြသခြင်းကို ကြည့်ရှုအားပေးသည်။

ယင်းနောက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည့် (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲကို ကြည့်ရှုအားပေးပြီး အားကစားဥယျာဉ်၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ပဲခူးတိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို  ကြည့်ရှုအားပေးရာ ပဲခူးတိုင်းဒေသကြီးအသင်းက  လေးဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)