ပဲခူးတိုင်းဒေသကြီး၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှု

ပဲခူး မေ ၁၃

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါလျက် မေ ၁၂ ရက် နံနက်ပိုင်းက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန အစည်းအဝေးခန်းသို့ ရောက်ရှိပြီး တိုင်းဒေသကြီးဦးစီးမှူး ဦးသောင်းရွှေက သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ လူသုံးကုန်ပစ္စည်းများ မြို့နယ်အလိုက် ဖြန့်ခွဲထားရှိမှု အခြေအနေများနှင့် သိုလှောင်ရုံအတွင်း လူသုံးကုန်ပစ္စည်းများ စနစ်တကျ သိုလှောင်သိမ်းဆည်းထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မဖြစ်မနေလိုအပ်သည့် ဆေးဝါး၊ အဝတ်အထည်၊ ရိက္ခာခြောက်များ ထပ်မံဖြည့်ဆည်းဆောင်ရွက်ထားရန် မှာကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် သိုလှောင်ရုံအတွင်း စနစ်တကျ သိမ်းဆည်းထားသည့် လူသုံးကုန်ပစ္စည်းများ၊ ပို့ဆောင်ရေး စက်တပ်လှေနှင့် သောက်သုံးရေ ဖြန့်ဝေပေးနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး ပဲခူးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနသို့ သွားရောက်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များနှင့် တွေ့ဆုံ၍ မိမိတို့ နယ်မြေဒေသတွင်သာမက အခြားနယ်မြေဒေသများသို့လည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် လူနှင့် စက်၊ ယာဉ်၊ ယန္တရားများ အသင့်စုဖွဲ့ထားရှိရန်၊ ကြိုတင်ဇာတ်တိုက် လေ့ကျင်ခြင်းများ ဆောင်ရွက်ထားရန်၊ သဘာဝဘေးအန္တရာယ် မဖြစ်ပွားမီ ပြည်သူများအား မုန်တိုင်းဒဏ်ခံ အဆောက်အအုံသို့ အချိန်မီ ရောက်ရှိစေရေး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်ရန်နှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ မပျက်စီးစေရေး အားလုံးပူးပေါင်းကြိုးစားဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးဝင်းက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ကြက်ခြေနီနှင့် လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ မပျက်စီးစေရေး ကြိုတင်ကာကွယ်ခြင်း၊ တုံ့ပြန်ဆောင်ရွက်ခြင်း၊ ကူညီကယ်ဆယ်ခြင်း၊ ပြန်လည်ထူထောင်ခြင်း လုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် ကော်မတီများ ဖွဲ့စည်းထားရှိပြီး မြို့နယ်အလိုက် စားရေရိက္ခာအပါအဝင် လူသုံးကုန်ပစ္စည်းများ၊ ဆေးဝါးများ၊ ကူညီကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်များ ကြိုတင်ဖြန့်ခွဲထားရှိပြီးဖြစ်ကြောင်း သိရသည်။

တင်စိုး(ပဲခူး)