ပဲခူး ဇွန် ၉
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့နံနက်ပိုင်းက ပဲခူးခရိုင် ကဝမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းများ လာရောက်ပြုလုပ်နေသည့် ဒေသခံပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြားသည်။
ထို့နောက် ကဝမြို့နယ် (၁)ရပ်ကွက်အတွင်းရှိ မိုးစပါးစိုက်လယ်မြေများ စုပေါင်းထွန်ယက်နေမှုနှင့် အုန်းနှဲစံပြကျေးရွာရှိ အစိုးရစက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနေမှုတို့ကို ကွင်းဆင်းကြည့်ရှုအားပေးသည်။
ယင်းနောက် ကဝမြို့နယ် မုဒုကျေးရွာအုပ်စုရှိ မွေးမြူရေးလုပ်ငန်းရှင် ဒေါ်အေးရင်၏ ဥစားကြက်ကောင်ရေ ၅၀၀၀၀ မွေးမြူထားရှိမှုနှင့် သနပ်ပင်မြို့နယ် စက်ကုန်းပိုင်းရပ်ကွက်ရှိ ဦးခင်ဇော်၏ “ထက်ခိုင်” သဘာဝဘဲသားဖောက်လုပ်ငန်းတို့ကို လှည့်လည်ကြည့်ရှုအားပေးပြီး ဇီဝလုံခြုံရေးနှင့် တိရစ္ဆာန်အစာအား ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် ကိုယ်တိုင် ထုတ်လုပ်မွေးမြူနိုင်ရေး ဆွေးနွေးပြောကြားကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


