ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ပဲခူး စက်တင်ဘာ ၁၄

 

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ၂၀၂၂ခုနှစ် အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ ညနေပိုင်းတွင်  ပဲခူးမြို့၊ဥဿာမြို့သစ်ရှိ ပဲခူးခရိုင်ဘောလုံးအားကစားကွင်း၌ ကျင်းပသည်။

 

ဦးစွာ ပဲခူးခရိုင်အသင်းနှင့် ညောင်လေးပင်ခရိုင်အသင်းတို့ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားကြရာ  ပဲခူးခရိုင် အသင်းက ၅ ဂိုး ၃ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။

 

ဆက်လက်၍ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပရာ အစိုးရအဖွဲ့တာဝန်ရှိသူများက ပွဲစဉ် တစ်လျောက် အကောင်းဆုံး ဂိုးသမားဆု၊နောက်တန်းအကောင်းဆုံးအားကစားသမားဆု၊ အလယ် တန်းအကောင်းဆုံး အားကစားသမားဆု၊ ရှေ့တန်းအကောင်းဆုံးအားကစားသမားဆုနှင့် အကောင်းဆုံး အားကစားသမားဆု ရရှိသူများကို  ဆုတံဆိပ်နှင့်ငွေသားဆု(၁)သိန်းကျပ်စီကို လည်းကောင်း၊ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးတို့က ပူးတွဲ(တတိယ)ဆုရရှိသော နတ္တလင်းခရိုင်အသင်းနှင့် သာယာဝတီခရိုင် အသင်းတို့ကို တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု (၅)သိန်းကျပ်စီကိုလည်းကောင်း၊ တိုင်းဒေသကြီး တရား လွှတ်တော် တရားသူကြီးချုပ်က ဒုတိယဆုရ ရှိသော ညောင်လေးပင် ခရိုင်အသင်းကို တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၇)သိန်းကို လည်းကောင်း ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ပထမဆုရရှိသော ပဲခူးခရိုင်အသင်းကို တစ်ဦးချင်းဆုတံဆိပ်၊ တံခွန်စိုက် ဆုဖလားနှင့် ငွေသားဆုကျပ်(၁၀)သိန်းကို ပေးအပ်ချီးမြှင့်ကြသည်။

 

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ၂၀၂၂ခုနှစ် အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၈)နှစ် အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၆)ခရိုင်မှ အသင်း(၆)သင်းတို့က အုပ်စုပတ်လည်အဖြစ် ပြည်မြို့၊ ဘောလုံးအားကစားကွင်း၊ ပဲခူးမြို့ အမှတ် (၅)အခြေခံပညာ အထက်တန်း ကျောင်းဘောလုံးအားကစားကွင်းနှင့် ပဲခူးခရိုင်ဘောလုံး အားကစားကွင်းများ၌ ယှဉ်ပြိုင်ကစားခဲ့ကြ ကြောင်း သိရသည်။

(သတင်းစဉ်)