ပဲခူး ဇူလိုင် ၁၀
မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီနှင့် ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်း၍ လူငယ်တွေ့ဆုံပွဲနှင့် လူငယ်အသိပညာပေးဟောပြော ပွဲကို ယနေ့ နံနက်ပိုင်းတွင် ပဲခူးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မောင်သင်း၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများ၊ သင်တန်းသား သင်တန်းသူများ၊ ပရဟိတအဖွဲ့များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတို့က အမှာစကား ပြောကြားကြသည်။
ယင်းနောက် အခမ်းအနား တက်ရောက်လာသည့် လူငယ် မောင်/ မယ်များက လူငယ်ရေးရာနှင့် ပတ်သက်သည့် သိလိုသည်များ မေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားပေးသည်။
ထို့နောက် ပဲခူးတက္ကသိုလ် အနုပညာအသင်း ကျောင်းသား ကျောင်းသူများက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေတင်ဆက်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ပြီး တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက အသိပညာပေးဟောပြောမည့် စာရေးဆရာ ဦးကျော်ကျော်လှိုင်အတွက် အမှတ်တရလက်ဆောင်ကိုလည်းကောင်း၊ ဒုတိယဝန်ကြီးက ပဲခူးတက္ကသိုလ် ပါမောက္ခဆရာမကြီးထံ အားကစားပစ္စည်းများကိုလည်းကောင်း ပေးအပ်ကြသည်။
ဆက်လက်၍ စာရေးဆရာ ဦးကျော်ကျော်လှိုင်က “လူငယ်နှင့် အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)


