ပဲနွယ်ကုန်းမြို့ လေးအိမ်စုရွာ တုံကန်ချောင်းဘေး၌ တရားမဝင်သစ်စက်တစ်လုံး ဖမ်းဆီးရမိ

ကျောက်တံခါး   ၃၀   ဇွန်

 

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းမြို့ ရွာမကျေးရွာအုပ်စု လေးအိမ်စုရွာ တုံကန် ချောင်းဘေး၌ ဇွန် ၂၉ ရက် ညနေ ၂ နာရီခွဲခန့်က တရားမဝင် သစ်စက်တစ်လုံး ဖမ်းဆီးရမိခဲ့သည်။

 

တရားမဝင်သစ်စက်  တည်ထောင်လုပ်ကိုင်နေကြောင်း သတင်းအရ ကျောက်တံခါးမြို့နယ် သစ်တော ဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးတင်ထွန်းနှင့် သစ်တောဝန်ထမ်းများ ပဲနွယ်ကုန်းနယ်မြေ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အောင်ကျော်ဖြိုးနှင့် တပ်ဖွဲ့ဝင်များ ရွာမကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် ရာအိမ်မှူးများပူးပေါင်း၍ ဝင်ရောက်ရှာဖွေစစ်ဆေးရာ ချစ်ကို (ခ) ချစ်တီး (၄၁ နှစ်) လေးအိမ်စုရွာနေသူ၏ နေအိမ်ခြံစည်းရိုးအစပ်ရှိ တုံကန်ချောင်းဘေးတွင် မြင်းကောင်ရေ ​ ၂၂ ကောင်ရှိ တရုတ်နီအင်ဂျင် တစ်လုံး အချင်း ၂ ပေ ၅ လက်မရှိ လွှဝိုင်း တစ်ခု၊ ဝိုင်းခုံတစ်ခု၊ ရှပ်တန်းတစ်ခု၊ ပူလီဘီးတစ်ခု၊ ဒလိပ်တုံးနှစ်ခုတို့အား တွေ့ရှိ၍ တောအုပ်ကြီး ဦးထွန်းကြိုင်က သက်​သေများရှေ့တွင် သစ်တောရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ သစ်စက်အား တရားမဝင် တည်ထောင်လုပ်ကိုင်သူအား စုံစမ်းမှုများပြုလုပ်ခဲ့ရာ သစ်စက်ပိုင်ရှင်မှာ ချစ်ကို(ခ) ချစ်တီး (၄၁နှစ်) လေးအိမ်စုရွာ ပဲနွယ်ကုန်းမြို့နေသူဖြစ်ကြောင်း စုံစမ်းသိရှိရပြီး မြို့နယ်သစ်တောဦးစီးအရာရှိ ဦးတင်ထွန်းက တရားလိုပြုလုပ်တိုင်တန်းသဖြင့် ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူ စစ်ဆေးဆောင်ရွက် လျက် ရှိကြောင်း သိရသည်။

 

ခင်ကို(ကျောက်တံခါး)