ပအိုဝ်းဟင်းလျာ …. မှိုစဉ်းကော

၁၄ ဇွန်      

 

မှိုကိုကြော်စား၊ သုပ်စား၊ ပေါင်းစားကြတာမျိုးကို အသိများကြသော်လည်း စဉ်းကောချက်စားကြသည်မျိုးကိုတော့ အသိနည်းကြလိမ့်မည်ဟု ထင်ပါသည်။ ပအိုဝ်းလူမျိုးတို့စားသုံးသော အစားအစာများ၌ မှိုစဉ်းကောဆိုသည့် ဟင်းလျာ တစ်မည် ရှိပါသည်။ ၎င်းမှိုစဉ်းကော ချက်ပြုတ်ရာ၌ တောင်ပို့မှုကို အသုံးများပါသည်။ အကြောင်းမှာ တောင်ပို့မှု၏ နူးညံ့သောထီးအရွက်ပါသည့် အပေါ်ပိုင်းကို စဉ်းကောထိုးပြီး အတန်ငယ်မာ၍ အရိုးတုတ်သော မှို၏အောက်ခြေပိုင်းကို ဟင်းချိုအဖြစ် အရည်သောက်ချက်ရန်ဖြစ်သည်။

 

မှိုစဉ်းကောထိုးမည် (ချက်မည်) ဆိုက မှို၏အရွက်(ထီးအပိုင်း)နှင့် အသားနုသည့် ရိုးတံပိုင်းကို လက်ဖြင့် အရွယ် သေးသေး စိတ်ပိုင်းကာ ရေစင်စင်ဆေးပြီး ရေစစ်ထားပါ။ အသားမာသည့် မှို၏အောက်ခြေရိုးတံပိုင်းကိုမူခပ်ကြီးကြီးနှင်ကာ ရေစစ်ပြီး ဟင်းချိုချက်ရန် အသင့်ပြင်ထားပါ။ မှိုစဉ်းကောအတွက်ထမင်းပျော့ပျော့တစ်အိုးတည်ကာ ထမင်းကျက်သည်နှင့် ဗန်းတစ်ချပ်ပေါ်မှောက်၍ အလယ်တွင် ချိုင့်ကလေးသဖွယ် ပြုလုပ်ပါ။ ၎င်းထမင်းပုံ၏ ချိုင့်ခွက်လေးအတွင်း ရေစစ်ထားသော မှိုများကိုထည့်၍ မှိုစိတ်လေးများနူးအိသွားစေရန် ထမင်းပူဖြင့် ပြန်အုံးထားပါ။ ထမင်းအေးလောက်သောအခါ အတွင်းမှ မှိုစိတ်လေးများ နူးနပ်သွားပါပြီ။ ထို့နောက် မှိုထမင်းအပေါ်မှ ဆီကျက်အနည်းငယ်လောင်းကာ မှိုများနှင့် သမအောင်နယ်ပြီး ရှမ်းငါးထမင်းနယ်ကဲ့သို့ လက်တစ်ဆုပ်စာ အလုံးကလေးများလုံးထားပါ။ အားလုံးပြီး၍ စားမည်ဆိုက မှိုထမင်းလုံးတစ်လုံးပေါ်၌ ဆီကျက်၊ ပဲမှုန့်၊ ငံပြာရည်၊ ငရုတ်သီးမှုန့် စသည်ဖြင့် အငန်၊ အချဉ်၊ အစပ်များထည့်ကာ ထမင်းသုပ်သုပ်သကဲ့သို့ လုပ်ရပါသည်။ ၎င်းမှိုစဉ်းကော စားသုံးရာ၌ တွဲဖက်အဖြစ် ဖယ်ထားသော မှိုအောက်ခြေရိုးတံပိုင်းကို ဟင်းချိုဖြစ်စေ၊ ဟင်းခါးချက်၍ဖြစ်စေ တွဲဖက်စားသုံးကြပါသည်။ မှိုစဉ်းကောသည် သဘာဝချိုသောမှိုအရသာကို အခြေခံ၍ စီမံထားသည်ဖြစ်ရာ စားသုံးရာ၌ အရသာတစ်မျိုးထူးသော ပအိုဝ်းရိုးရာ ဟင်းလျာတစ်မည်အဖြစ် ဖော်ပြလိုက်ပါသည်။

 

- စံလွင်(ငါးဦးစီး) -