PDF အမည်ခံ အကြမ်းဖက်သမားများက စစ်ကိုင်းမြို့နယ်အတွင်းရှိ ကြက်သွန်စိုက်ခင်းအတွင်းသို့ Drone ဖြင့်  Drop Bomb ပစ်ချတိုက်ခိုက်၊ အပြစ်မဲ့ကျေးရွာနေပြည်သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦး ဗုံးစထိမှန် ဒဏ်ရာရရှိ

 

 

နေပြည်တော်၊ ဧပြီ ၂

 

NUG၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်ရန်နှင့် ၎င်းတို့၏ကိုယ်ကျိုး စီးပွားတွင် အသုံးပြုရန်အတွက် ပြည်သူလူထုထံမှ အတင်းအဓမ္မ ဆက်ကြေးကောက်ခံခြင်း၊ လုယက် ယူဆောင်ခြင်းနှင့် ခြိမ်းခြောက်အကျပ်ကိုင်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။

 

ထိုသို့  အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင် လျက်ရှိရာ မတ် ၂၉ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့် တွင်  စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် ကြွယ်ပုံကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၈၀၀ ခန့်အကွာရှိ ကြက်သွန်စိုက်ခင်း၌ ကျေးရွာနေ ပြည်သူများ  ကြက်သွန်နုတ်နေစဉ် PDF အမည်ခံ အကြမ်းဖက်သမားများက အဆိုပါ ကြက်သွန်စိုက်ခင်း ပိုင်ရှင်ထံမှ ဆက်ကြေးတောင်းခံရာ ဆက်ကြေးမရသဖြင့် Drone ဖြင့် ကြက်သွန်ခင်းအတွင်းသို့ Drop Bomb တစ်လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ ကြက်သွန်နုတ်နေသည့်  အပြစ်မဲ့ကျေးရွာနေပြည်သူ  အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူများအား ကျေးလက်ဆေးပေးခန်းသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ အေးချမ်းစွာ နေထိုင်၊ လုပ်ကိုင်စားသောက် ပြီး မိမိစီးပွားရေး မိမိဆောင်ရွက်နေသည့် အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောက်တရားများလွှမ်းမိုးလာစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်နေသည့် PDF အမည်ခံ အကြမ်းဖက်သမားများကို တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

 

သတင်းစဉ်