PDF အမည်ခံအကြမ်းဖက်သမားများက ရွှေဘိုမြို့နယ်၊ ပန်းရံကျေးရွာရှိ မင်္ဂလာဆောင်ပွဲ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ ၂ ဦး သေဆုံးကာ အသက် ၇ နှစ်အရွယ်ကလေးငယ် ၂ ဦးအပါအဝင် ဒေသခံပြည်သူ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော် ဒီဇင်ဘာ ၆

 

PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် ၎င်းတို့အဖွဲ့အား ထောက်ခံအားပေးမှုမရှိသည့် မြို့နယ်များအတွင်း စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့အရပ်သား ပြည်သူများသွားလာရာ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ နေထိုင်ရာရပ်ကွက်၊ ကျေးရွာများသို့ လက်နက်ကြီး၊ Drop Bomp များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည်။

 

ထိုသို့လုပ်ဆောင်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ပန်းရံကျေးရွာရှိ ဦးလင်းမောင်၏နေအိမ်၌ ဒီဇင်ဘာ ၄ ရက်တွင် မင်္ဂလာဆောင်ပွဲပြုလုပ်နေစဉ် မွန်းလွဲ ၃ နာရီခွဲခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက ၎င်းကျေးရွာ၏တောင်ဘက် မီတာ ၃ဝဝဝ ခန့်အကွာရှိ ကျောက်မြင့်ကျေးရွာဘက်မှနေ၍ Drone များအသုံးပြုကာ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ဗုံးသီးကျရောက်ပေါက်ကွဲခဲ့ရာ မင်္ဂလာဆောင်သို့ရောက်နေသည့် အပြစ်မဲ့ဒေသခံပြည်သူ အမျိုးသမီး ၂ ဦးသေဆုံးပြီး အသက် ၇ နှစ်အရွယ် ကလေးငယ်နှစ်ဦးအပါအဝင် စုစုပေါင်း ၁၃ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။

 

အထက်ပါဖြစ်စဉ်မှ ဒဏ်ရာရရှိခဲ့သူများအား ရွှေဘိုမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း၊ PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ၏ လူမဆန်သောလုပ်ရပ်များကို ဒေသခံပြည်သူများအနေဖြင့် လွန်စွာမုန်းတီးရွံရှာလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့များက နယ်မြေလုံခြုံရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်