ပျောက်ဆုံး ဆော်ဒီသတင်းစာဆရာ၏ ရုပ်အလောင်းသယ်ဆောင်ပုံ တူရကီရုပ်သံ ပြသ

၁ ဇန်နဝါရီ

 

သတင်းစာဆရာ ဂျာမယ်ခါရှော့ဂီ၏ ရုပ်အလောင်းကို အစ္စတန်ဘူလ်ရှိ ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်းမှ လူများ သယ်ဆောင်လာသည့် ရုပ်သံပြကွက်ကို တူရကီ ရုပ်သံဌာနတစ်ခုက ထုတ်လွင့်ပြသခဲ့သည်။

 

နေအိမ်၏ အဓိကဝင်ပေါက်မှ အခြားနေရာများသို့ ခရီးဆောင်အိတ်များ သယ်ဆောင်နေသည့် အမျိုးသားများ၏ပုံကို တနင်္ဂနွေနေ့က  ထုတ်လွင့်ပြသသည့် အဆိုပါဗွီဒီယိုတွင် ဖော်ပြထားသည်။

 

ဆော်ဒီသတင်းစာဆရာ ဂျာမယ်ခါရှော့ဂီသည် ဆော်ဒီအစိုးရကို အမြဲဝေဖန်လေ့ရှိပြီး အောက်တိုဘာလအတွင်း အစ္စတန်ဘူလ်ရှိ ဆော်ဒီကောင်စစ်ဝန်ရုံးတွင် အသတ်ခံခဲ့ရခြင်းဖြစ်သည်။

 

ဆော်ဒီအာရေဗျအစိုးရက အဆိုပါသတ်ဖြတ်မှုအတွင်း ပါဝင်ပတ်သက်မှုကို ဝန်ခံခဲ့သော်လည်း ခါရှော့ဂီ၏ ရုပ်လောင်းတည်ရှိရာ နေရာကိုမူ မသိရှိခဲ့ရပေ။

 

အဆိုပါအမှုတွင် အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန်ပါဝင်သည်ဟု အချို့က စွပ်စွဲခဲ့သည်။

 

ဆော်ဒီအာရေဗျနိုင်ငံက အဆိုပါအမှု၌ အိမ်ရှေ့မင်းသား ပါဝင်ပတ်သက်မှုမရှိကြောင်း ငြင်းဆန်ခဲ့ပြီး အမှုဖော် ထုတ်ရန် ကြိုးပမ်းလျက်ရှိသည်။ 

 

ဆော်ဒီသတင်းစာဆရာကို သတ်ဖြတ်ရန် အမိန့်ပေးသူက မည်သူဆိုသည့်အမှန်တရားကို ဖော်ထုတ် ရမည်ဖြစ်ကြောင်း တူရကီနိုင်ငံက ပြောကြားသည်။

 

အဆိုပါ ဗွီဒီယိုထုတ်လွင့်ပြသမှုကြောင့် ဆော်ဒီအစိုးရမှ တုံ့ပြန်လာဖွယ်ရှိသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်

 

mdn