ပျောက်ဆုံးလေယာဉ်၏ အပျက်အစီးများကို ဖိလစ်ပိုင်မီးတောင်ပေါ်၌ တွေ့ရှိ

 

 

မနီလာ၊ ဖေဖော်ဝါရီ ၂၀

 

မနီလာမြို့အရှေ့တောင်ဘက် အယ်လ်ဘေးပြည်နယ်၌ ဖေဖော်ဝါရီ ၁၈ ရက် နံနက်ပိုင်းက ပျောက်ဆုံးသွားသော လေယာဉ်ငယ်၏ အပျက်အစီးများကို စစ်ရဟတ်ယာဉ်တစ်စင်းမှ တွေ့မြင်ခဲ့ကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူက ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြောကြားသည်။

 

မနီလာမြို့ အရှေ့တောင်ဘက် ကီလိုမီတာ ၃၀၀ အကွာ လူဇွန်ကျွန်းပေါ်ရှိ အမြင့် မီတာ ၂၄၆၀ ရှိသည့် မီးတောင်ထိပ်ဝနှင့် ၂ ကီလိုမီတာအကွာတွင် ပျောက်ဆုံးလေယာဉ်၏ အပျက်အစီးအပိုင်းအစများကို မြင်တွေ့ခဲ့ခြင်းဖြစ်ကြောင်း ကာမာလစ်မြို့မှ ပြန်ကြားရေးအရာရှိဖြစ်သူ တင်မ်ဖလောရစ်က ပြောကြားသည်။

 

ဆက်စ်နာ ၃၄၀ အေ အမျိုးအစား လေယာဉ်ငယ်သည် ဖေဖော်ဝါရီ ၁၈ ရက်က ဒါရာဂါမြို့ရှိ ဘိုင်ကိုး အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မနီလာသို့ ပျံတက်ပြီး ၃ မိနစ်အကြာတွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။ လေယာဉ်ပေါ်တွင် လေယာဉ်မှူး၊ အမှုထမ်းတစ်ဦးနှင့် သြစတြေးလျခရီးသည်နှစ်ဦး အပါအဝင် အနည်းဆုံး လူလေးဦး လိုက်ပါသွားခဲ့သည်။

 

ပျောက်ဆုံးလေယာဉ် အပိုင်းအစများ တွေ့မြင်ရသည့် မီးတောင်သည် သတိပေးချက်အဆင့် (၂) ထုတ်ပြန်ထားသည့် မီးတောင်ဖြစ်သည့်အတွက် မီးတောင်ပေါက်ကွဲခြင်း၊ ကျောက်ဆောင်ပြိုကျခြင်း သို့မဟုတ် မြေပြိုခြင်းများ အချိန်မရွေး ဖြစ်ပေါ်နိုင်သည်။ သတိပေးချက်အဆင့် (၂) အရ မီးတောင်မှ ခြောက်ကီလိုမီတာ အန္တရာယ်ဇုန်အတွင်း လေယာဉ်များအပါအဝင် မည်သူတစ်ဦးတစ်ယောက်မှ ဖြတ်သန်းခွင့်ပြုထားခြင်း မရှိပေ။

 

သို့သော်လည်း ကယ်ဆယ်ရေးအဖွဲ့များ ကယ်ဆယ်ရေး လုပ်ဆောင်ရန်အတွက် ဘေးကင်း လုံခြုံမှုရှိရန်အတွက် ဖိလစ်ပိုင်မီးတောင်နှင့် ငလျင်ဗေဒသိပ္ပံနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း ကာမာလစ် မြို့တော်ဝန် ဘယ်ဒိုက ပြောကြားသည်။

 

ဆင်ဟွာ