ပြောင်းလဲမှုအစပျိုးလာတဲ့ အစ္စရေးနှင့် ပါလက်စတိုင်းဆက်ဆံရေး

mdn

ခြူးစန္ဒီနွေး - ရေးသားသည်

 

ပါလက်စတိုင်းအာဏာပိုင်တွေဟာ အနောက်ဘက်ကမ်းအစိတ်အပိုင်းတွေကို အစ္စရေးတို့သိမ်းပိုက်နေမှုအား ဆန့်ကျင်ဖို့ဆိုပြီး လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်မှုကို ရပ်တန့်လိုက်ပါတယ်။ အခုအခါမှာတော့ အနောက်ဘက်ကမ်းအစိတ်အပိုင်းနယ်မြေတွေကို သိမ်းယူမှုအစီအစဉ်ဟာလည်း ရပ်တန့်နေပါတယ်။ အဲဒီအချိန်မှာပဲ မထင်မှတ်တဲ့ကြေညာမှု ထွက်ပေါ်လာပါတယ်။ 

ဘဏ္ဍာရေးအခက်အခဲကနေ လွန်မြောက် 

အဲဒါကတော့ အစ္စရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်စတင်မယ်ဆိုပြီး ပါလက်စတိုင်းအာဏာပိုင်တွေ က နိုဝင်ဘာ ၁၈ ရက်မှာ ကြေညာခဲ့ပါတယ်။ အနောက် ဘက်ကမ်းမှာနေထိုင်တဲ့ ဒေသခံထောင်ပေါင်းများစွာ အတွက်တော့ ခြောက်လကြာ ဘဏ္ဍာရေးအခက်အခဲကနေ လွန်မြောက်တော့မှာပါ။ အမေရိကန် ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒင် အနိုင်ရရှိလာမှုနဲ့အတူ သက်သာရာရလာခြင်း လည်း ဖြစ်ပါတယ်။ အမေရိကန်မှာ အစိုးရအဖွဲ့အပြောင်း အလဲနဲ့အတူ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းမှာလည်း အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တယ်ဆိုတာကို ကြိုတင်ခန့်မှန်းနိုင်ဖို့အတွက် ထင်ရှားတဲ့လက္ခဏာပဲ ဖြစ်ပါတယ်။

တင်းကျပ်သောစည်းမျဉ်းတွေ ဖြေလျှော့

ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ် ချမှတ်ထား တဲ့ တင်းကျပ်တဲ့စည်းမျဉ်းတွေ ဖြေလျှော့ပေးလိုက်တယ် ဆိုတာကို အခုကြေညာချက်ကိုကြည့်ရင် သိနိုင်ပါတယ်။ မေလအတွင်းက အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန် ယာဟုရဲ့ အနောက်ဘက်ကမ်းကို တစ်ဖက်သတ်သိမ်းယူမှု အပေါ် ဆန့်ကျင်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီအခါမှာ တော့ ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ်ဟာ အစ္စရေးနဲ့ လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေကို ဖြတ်ချခဲ့ပါတယ်။ တိုက်ခိုက်မှု ဆက်လက်ပေါ်ပေါက်လာမှာ ကို စိုးရိမ်ထိတ်လန့်လာကြပါတယ်။ နောက်ပြီးအရပ်ဘက် ဆက်ဆံရေးကိုလည်း ဆိုးရွားလာစေခဲ့ပါတယ်။ ဆေးကုသ မှုခံယူဖို့ ဒါမှမဟုတ် အလုပ်လုပ်ကိုင်ဖို့အတွက် အစ္စရေး နိုင်ငံသို့ ပါလက်စတိုင်းများ ခရီးသွားလာမှုကိုလည်း အနှောင့်အယှက် အဟန့်အတား ဖြစ်စေခဲ့ပါတယ်။

လစာငွေဖြတ်တောက်

ဒီထက်ပိုပြီး ထိခိုက်သွားတာကတော့ ပါလက် စတိုင်းပြည်သူတွေပါပဲ။ ပါလက်စတိုင်းတို့ကိုယ်စား အစ္စရေးတို့ ကောက်ယူထားတဲ့အခွန် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်ကို ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း လက်ခံ ဖို့ရာ ပါလက်စတိုင်းဘက်က ရပ်တန့်လိုက်ပါတယ်။ အဲဒီငွေကြေးပမာဏဟာ ပါလက်စတိုင်းအာဏာပိုင် အဖွဲ့ရဲ့ ဘတ်ဂျက် ၆၀ ရာခိုင်နှုန်းကို ကိုယ်စားပြုပြီး ဘဏ္ဍာငွေလုံလောက်မှုမရှိတဲ့အခါ အစိုးရဝန်ထမ်းအဖြစ် လုပ်ကိုင်နေသူတွေကို လစာငွေဖြတ်တောက်တာတွေ လုပ်ဆောင်ခဲ့ရပါတယ်။ နဂိုကမှ ယိုယွင်းနေတဲ့ စီးပွားရေး ဟာ ကိုဗစ် - ၁၉ ကြောင့် အခြေအနေပိုမိုဆိုးရွားခဲ့ရပါတယ်။ အစ္စရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု ပြန်လည်စတင်မယ်ဆိုတဲ့ သတင်းကြားမှပဲ စိတ်သက်သာရာရတော့တယ်လို့ အနောက်ဘက်ကမ်းက ဆေးရုံတစ်ရုံမှာ သူနာပြုအဖြစ် လုပ်ကိုင်နေတဲ့ အသက် ၃၅ နှစ်အရွယ် ရာမီကစ်တာနက်က ပြောပါတယ်။ ဒီပဋိပက္ခကြီး စဖြစ်ကတည်းက လက်လျှော့ထားရတာတွေ အများကြီးပဲ၊အခုမှပဲ အသက်ရှူ ချောင်တော့တယ်လို့ ပြောပါတယ်။ 

မျှော်လင့်ထား 

အနောက်ဘက်ကမ်းကို ကျူးကျော်သိမ်းယူခြင်း အစီအစဉ် လုံးဝဖျက်သိမ်းလိုက်တာတော့ မဟုတ်သေး ပါဘူး။ ရပ်တန့်ထားရုံမျှပဲ ရှိပါသေးတယ်။ အစ္စရေးဝန်ကြီး ချုပ်နေတန်ယာဟုဟာ အဲဒီအစီအစဉ်ကို ရပ်နားထားတဲ့ အတွက် အပြန်အလှန်အားဖြင့် ယူအေအီးနိုင်ငံနဲ့ မှတ်တိုင် ထူနိုင်မယ့် ပုံမှန်ဆက်ဆံရေး ပြန်လည်ထူထောင်နိုင်ခဲ့ပါ တယ်။ အဲဒီနောက်မှာ ဘာရိန်းနိုင်ငံနဲ့ပါ အစ္စရေးတို့ ပုံမှန်ဆက်ဆံရေး ပြန်လည်ထူထောင်နိုင်တဲ့နောက် အစ္စရေးကို အထီးကျန် တစ်နိုင်ငံတည်းဖြစ်အောင် ထား မယ်ဆိုတဲ့အစီအစဉ်ဟာ ဖြစ်မလာတော့ပါဘူး။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အစိုးရအဖွဲ့အတွက် သက်တမ်း နှစ်လသာ ကျန်တော့တဲ့အချိန်မှာ ပါလက်စတိုင်းရဲ့ အခြေအနေကလည်း ပိုပြီးတော့ အားနည်းလာပါတယ်။ ဘယ်လိုလိုက်လျောသဘောတူချက်မှမပေးဘဲ အစ္စရေးနဲ့ ပူးပေါင်းမှုတွေ ပြန်လည်စတင်ဖို့ ပါလက်စတိုင်းအာဏာပိုင် တွေဘက်က မျှော်လင့်ထားကြပါတယ်။ 

မျှော်လင့်ချက်ရောင်ခြည် 

အစ္စရေးရဲ့ တစ်ဖက်သတ်ဆန်တဲ့ ခြေလှမ်းတွေကို ဆန့်ကျင်ကြောင်း ပြောဆိုတတ်တဲ့ ဂျိုးဘိုင်ဒင် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရရှိလာမှု နဲ့အတူ ပါလက်စတိုင်းတွေအတွက် မျှော်လင့်ချက် ရောင်ခြည်သန်းလာပါတယ်။ နိုဝင်ဘာ ၁၇ ရက် ပါလက် စတိုင်းတို့ရဲ့ ကြေညာမှုကို အိမ်ဖြူတော်နဲ့ ဂျိုးဘိုင်ဒင်ရဲ့ ကူးပြောင်းရေးအဖွဲ့တို့က ဘာမှမှတ်ချက်ချပြောဆို ခဲ့ခြင်း မရှိပါဘူး။ နိုဝင်ဘာ ၁၈ ရက်မှာတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုဟာ အစ္စရေးသို့ ရောက်ရှိလာခဲ့ပါတယ်။ အစ္စရေးတို့ရဲ့ အခြေချနေထိုင်ရာနေရာတွေကို ပထမဆုံး ရောက်ရှိလာ တဲ့ အမေရိကန် အဆင့်မြင့်အရာရှိကြီးလည်း ဖြစ်ပါ တယ်။ ပါလက်စတိုင်းခေါင်းဆောင်တွေအနေနဲ့ အစ္စရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပြန်လည်စတင် ဖို့ရာ အကြောင်းအချက်တွေ အများကြီးပါပဲ။

နည်းလမ်းတွေရှာလာနိုင် 

အဓိကအချက်ကတော့ ငွေရေးကြေးရေး အခက် အခဲပါပဲ။ ဥရောပက အလှူရှင်တွေအပါအဝင် အပြည် ပြည်ဆိုင်ရာက အလှူရှင်တွေကလည်း ပါလက်စတိုင်း အနေနဲ့ တခြားက အကူအညီမရှာခင်မှာ အစ္စရေးဘက်က အခွန်လွှဲပြောင်းပေးထားတာကို ဦးဆုံးလက်ခံသင့် တယ်လို့ ပြောဆိုလာကြပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဖြစ်လာတဲ့အခါမှာ အစ္စရေးနဲ့ ပါလက်စတိုင်း တို့အကြား ငြိမ်းချမ်းရေး ဆောင်ရွက်ဖို့အတွက် နည်းလမ်းတွေ ရှာလာနိုင်တယ်လို့ အစ္စရေးနဲ့ ပါလက်စတိုင်း ကျွမ်းကျင်သူတွေက ပြောပါတယ်။ 

ရွေးချယ်နေ

လုံခြုံရေးကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်မှုနဲ့ အစ္စရေး ဘက်ကလွှဲပေးမယ့် အခွန်ငွေတွေကို ပြန်လည်လက်ခံဖို့ အစရှိတဲ့အချက်တွေလည်း ပါဝင်ပါတယ်။ ပါလက်စတိုင်း စေ့စပ်ညှိနှိုင်းရေးအဖွဲ့မှ အကြံပေးအရာရှိဟောင်းဖြစ်သူ ဒိုင်ယာနာဘတ်တူကတော့ ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ်နဲ့လက်ထောက်တွေဟာ ဂျိုးဘိုင်ဒင် လက်ထက်မှာ အမေရိကန်နဲ့ ဆက်ဆံရေး မူလအတိုင်း ပြန်ဖြစ်အောင်၊ အစ္စရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပြန်စနိုင်အောင်နဲ့ ဒေါ်နယ်ထရမ့်လက်ထက်ကနဲ့မတူ တဲ့ ခြေလှမ်းမျိုး လှမ်းနိုင်အောင် ရွေးချယ်နေကြတယ် လို့ ပြောပါတယ်။ 

အဓိကအချက် 

ပါလက်စတိုင်းသမ္မတအနေနဲ့ အစ္စရေးနဲ့ ပူးပေါင်းမှု ပြန်လည်စတင်တဲ့ အဓိကအချက်ကတော့ ငွေကြေးတွေ ပြန်လည်စီးဝင်လာအောင်ပဲဖြစ်တယ်လို့ အစ္စရေးတပ်ဖွဲ့ မှ အဆင့်မြင့်အရာရှိဟောင်းတစ်ဦးဖြစ်သူ မိုက်ကယ် မစ်စတင်းက ပြောပါတယ်။ ဂျိုးဘိုင်ဒင်လက်ထက်မှာ တော့ အမေရိကန်သမ္မတ ထရမ့်ထက်ပိုပြီး ပါလက် စတိုင်းတို့နဲ့ ဆက်ဆံရေးကောင်းလာမယ်လို့ ပါလက် စတိုင်းတို့ဘက်က မျှော်လင့်ထားကြပါတယ်။ ။

နယူးယောက်တိုင်းမ်