ပျော်ရွှင်ဆင်နွှဲ တိုင်းရင်းသားရိုးရာပွဲ ရောင်စုံဓာတ်ပုံပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ 

ရန်ကုန်  ၁၆   ဇွန် 

 

ပျော်ရွှင်ဆင်နွှဲ တိုင်းရင်းသားရိုးရာပွဲ ရောင်စုံဓာတ်ပုံပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ရှိ Pan Pacific Hotel ၌ ကျင်းပသည်။

 

အဆိုပါဓာတ်ပုံပြိုင်ပွဲကို ပြန်ကြားရေးဝန်ကြီးဌာန ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံရေးဦးစီးဌာန၏ စီစဉ်မှု၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (မြန်မာ့ခရီးသွားဘဏ်)၊ TMW Enterprise Limited (Sony) နှင့် မြန်မာနိ်ုင်ငံ တိုင်းရင်းသားစီးပွားရေး လုပ်ငန်းရှင်များ အသင်းချုပ်တို့၏ ကူညီပံ့ပိုးမှုတို့ဖြင့် ကျင်းပခြင်းဖြစ်သည်။

 

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ဓာတ်ပုံ ပြိုင်ပွဲ အကဲဖြတ်အဖွဲ့ဝင်များ၊ ဆုရရှိသူများ၊ ဓာတ်ပုံပညာရှင်များနှင့် ဝါသနာရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာစကား ပြောကြားရာ၌ ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနက မြန်မာနိုင်ငံဓာတ်ပုံအသင်းနှင့် ပူးတွဲ၍ ဓာတ်ပုံပြိုင်ပွဲများကို နှစ်စဉ်ကျင်းပ  လျက်ရှိပြီး တစ်နှစ်လျှင် (၂)ကြိမ်  ကျင်းပပြုလုပ်ပါကြောင်း၊ ၂၀ဝ၃ ခုနှစ်မှ စတင်ပြီး နှစ်တစ်နှစ်၏ နှစ်ဦးအစကာလများတွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ရောင်စုံဓာတ် ပုံပြိုင်ပွဲကို ကျင်းပပေးခဲ့ရာ ယခုဆိုလျှင် (၁၇)ကြိမ်ရှိပြီဖြစ်ပါကြောင်း၊ ထို့အပြင် ၂၀ဝ၉ ခုနှစ်မှစပြီး နှစ်လယ်ကာလဓာတ်ပုံပြိုင်ပွဲအဖြစ် နိုင်ငံ့၏ပုံရိပ်ကို မြှင့်တင်ဖော်ကျူးနိုင်မည့် ခေါင်းစဉ်နှင့် အကြောင်းအရာများကို ရွေးချယ်ပြီး ရောင်စုံဓာတ်ပုံပြိုင်ပွဲများကို ကျင်းပ ပေးခဲ့ရာ  ၂၀၁၈ ခုနှစ်တွင်  တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အမွေအနှစ်များ  ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး ယခုနှစ်တွင် ပျော်ရွှင်ဆင်နွှဲ တိုင်းရင်းသားရိုးရာပွဲ ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင် ၂၀၆ ဦးရှိပြီး ဓာတ်ပုံပေါင်း ၇၂၉ ပုံ ပါဝင်ယှဉ်ပြိုင် သည်ဟု သိရပါကြောင်း။

 

ယင်းပြိုင်ပွဲဝင်ဓာတ်ပုံများကို မြန်မာနိုင်ငံဓာတ်ပုံအသင်းက ဓာတ်ပုံပညာရှင် ကြီးများက အကဲဖြတ် စိစစ်ရွေးချယ်ပြီး ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု(၅)ဆု စုစုပေါင်း ဆု (၈)ဆုကို ချီးမြှင့်ခြင်းဖြစ်ပါကြောင်း။

 

ပျော်ရွှင်ဆင်နွှဲ တိုင်းရင်းသား ရိုးရာပွဲ ဓာတ်ပုံပြိုင်ပွဲကို တိုင်းရင်းသား ယဉ်ကျေးမှု ဓလေ့များ အများပြည်သူ သိရှိရန်၊ တိုင်းရင်းသားလူမျိုး အချင်းချင်း သိရှိရန်၊  နိုင်ငံ တကာ မှ သိရှိရန် ၊ မိမိတို့ လူမျိုး၏ ဓလေ့ထုံးတမ်းများကို အပြန်အလှန် သိရှိနား လည်ရန် ၊ ပိုပြီး ရင်းနှီးချစ်ခင်မှုများ ဖြစ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်း ဖြစ်ပါကြောင်း။

 

ယခုဓာတ်ပုံပြိုင်ပွဲတွင် မျိုးဆက်သစ်လူငယ်ဓာတ်ပုံပညာရှင်များ ပါဝင်ယှဉ်ပြိုင် လာကြသကဲ့သို့ ဆုရရှိသူများထဲတွင်လည်း လူငယ်များ ပါဝင်လာသည်ကို တွေ့ရှိရ သည့်အတွက် ဤပြိုင်ပွဲသည် မျိုးဆက်သစ်လူငယ်ဓာတ်ပုံပညာရှင်များ ပေါ်ထွက်လာ စေရန်လည်း  အထောက်အကူပြုသည့် ပြိုင်ပွဲဖြစ်မည်ဟု မြင်ပါကြောင်း။

 

ခေတ်မီနည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အတူ မီဒီယာများ၏ လျင်မြန် ကျယ်ပြန့်လာမှုများလည်း အထူးမြင့်မားလာခဲ့ပါကြောင်း၊ ယနေ့အချိန်တွင် မီဒီယာ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ဓာတ်ပုံ၊ ရုပ်ရှင်နှင့် ဗီဒီယိုလုပ်ငန်းများ သည်လည်း အရေးပါသည့်လုပ်ငန်းများအဖြစ် ယှဉ်တွဲပါဝင်လာသည်ကို တွေ့မြင်ကြရ မည်ဖြစ်ပါကြောင်း၊ လျင်မြန်စွာ တိုးတက်လျက်ရှိသည့် နည်းပညာရပ်များနှင့်အတူ ဓာတ်ပုံ၊ ကင်မရာနှင့်ပတ်သက်သည့် စက်ပစ္စည်းများအနေဖြင့်လည်း အဆင့်မြင့်မား လာပြီး သုံးစွဲသူများ၏ တွေးခေါ်ဖန်တီးနိုင်စွမ်းနှင့် ပေါင်းစပ်မှုများအရ အရည်အသွေးမီသည့် အနုပညာဆိုင်ရာ ဖန်တီးနိုင်မှုများကိုလည်း ဖော်ထုတ်ပြသခွင့် ရရှိနေကြပြီဖြစ် ပါကြောင်း။

 

သို့သော် နည်းပညာမှန်သမျှသည် အပြုဘက်မှ အထောက်အကူပြုသည့် အကျိုး ကျေးဇူးများ ရှိသကဲ့သို့ တစ်ဖက်တွင် ဆိုးကျိုးရလဒ်များ ထွက်ပေါ်နိုင်သည်များလည်း ရှိပါကြောင်း၊ သတင်းက အကြောင်းအရာအချက်အလက်ကို စာအားဖြင့် မမှန်မကန် ဖော်ပြသလို ဓာတ်ပုံများကိုလည်း ပြင်ဆင်ပြီး လုပ်ကြံဖန်တီးမှုများ ရှိပါကြောင်း၊ Fake News ဆိုပြီး သတင်းအတုများ လုပ်ကြရာတွင် ဓာတ်ပုံပညာရပ်သည်လည်း ပံ့ပိုးသည့် ပစ္စည်းအနေဖြင့် ပါဝင်နေပါကြောင်း။

 

နည်းပညာအသစ်များနှင့် ပတ်သက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများ ပြုလုပ်နေမှုများ ရှိပါကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံ ဓာတ်ပုံပညာရှင်အသင်းမှ ဓာတ်ပုံပညာရှင်ကြီးများနှင့် ဌာနဆိုင် ရာများ၊ ပြင်ပမှ စိတ်ဝင်စားသည့် ပုဂ္ဂိုလ်အဖွဲ့အစည်းများ ပူးပေါင်းပြီး ပိုမို အရည်အသွေးမြင့်မားသည့် သင်တန်းမျိုး၊ အလုပ်ရုံဆွေးနွေးပွဲမျိုးကို ပြုလုပ်နိုင်ပါက ပိုမို ကောင်း မွန်မည်ဖြစ်ပါကြောင်း၊ ထိုသင်တန်းများတက်ပြီးလျှင် ပိုမို အဆင့်မြင့်ထူးခြားသည့် အလုပ်ကို လုပ်နိုင်လာမည်ဟု ထင်ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း နည်းပညာနှင့် ပတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲ၊ သင်တန်း စသည်ဖြင့် ပညာရှင်များနှင့် ပူးပေါင်းပြီး ရက်တိုသင်တန်း ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအနေဖြင့်လည်း ပါဝင်ပေးကြရန် ဖိတ်ခေါ်ပါကြောင်း။  

 

ယခုပြိုင်ပွဲသည် ဓာတ်ပုံနှင့် ဆက်စပ်၍ နိုင်ငံ၏ ပုံရိပ်ကို ပိုမိုကောင်းမွန် စေရန်၊ တိုင်းရင်းသားလူမျိုး အချင်းချင်း တစ်ဦး၏ ဓလေ့ထုံးတမ်းများ၊ စရိုက်သဘာဝ များကို တစ်ဦးက သိရှိပြီး တစ်ဦးနှင့်တစ်ဦး ရင်းနှီးချစ်ခင်မှုများကို ရရှိလျှင် မိမိတို့ တိုင်းပြည်သည် ငြိမ်းချမ်းသာယာမှုရှိမည်၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု ရှိမည်၊ ဓာတ်ပုံနှင့် ဆက်စပ်ပြီး တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်လိမ့်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် အားလုံးက ဝိုင်းဝန်းပါဝင်ပေးကြစေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဆုများရွေးချယ်ဆောင်ရွက်မှုနှင့် ပတ်သက်၍ စိစစ်အကဲဖြတ်အဖွဲ့ဝင် ဦးထင်လင်းက ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ဓာတ်ပုံပြိုင်ပွဲ ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပထမဆုရရှိသည့် ဝဏ်ဏ(မန်းတက္ကသိုလ်)၊ ဒုတိယဆုရရှိသည့် သန်းနိုင်ဦး(ပြန်/ဆက်) ၊ တတိယဆုရရှိသည့် ကျော်နိုင်လင်း (လရိပ်ပြာ)တို့အား လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က အထူးဆု ရရှိကြသည့် စိုင်းသူ(တောင်ကြီး) ၊ ကျော်နိုင်လင်း(လရိပ်ပြာ)၊ သန်းနိုင်ဦး(ပြန်/ဆက်)၊ ခင်မောင်လွင်၊ ကိုမြင့်သန်း (ငွေကြယ်မင်း) တို့အားလည်းကောင်း ဆုများ ပေးအပ် ချီးမြှင့်သည်။

 

ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ဆုချီးမြှင့်ပွဲအခမ်းအနားဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးပေးသူများကို ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးတို့နှင့် တာဝန်ရှိသူများသည်   ပြသထားသည့် ဆုရဓာတ်ပုံများနှင့် ပြိုင်ပွဲဝင်ဓာတ်ပုံများကို လှည့်လည်ကြည့်ရှုကြသည်။

 

 ပျော်ရွှင်ဆင်နွှဲ တိုင်းရင်းသားရိုးရာပွဲရောင်စုံ ဓာတ်ပုံပြိုင်ပွဲ ယှဉ်ပြိုင်နိုင်ရန်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဧပြီ ၃ ရက်မှ မေ ၂ ရက် အတွင်း ဖိတ်ခေါ်ခဲ့ရာ မြန်မာနိုင်ငံတစ်ဝန်းမှ ဓာတ်ပုံပညာရှင်၊ ဝါသနာရှင် ၂၀၆ ဦးတို့က ဓာတ်ပုံပေါင်း ၇၂၉ ပုံကို ပေးပို့ယှဉ်ပြိုင်ခဲ့ကြသည်။

 

ထိုသို့ပေးပို့ယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲဝင်ဓာတ်ပုံများအပေါ် ဆုများ ရွေးချယ်ချီးမြှင့် နိုင်ရန်အတွက် မြန်မာနိုင်ငံဓာတ်ပုံအသင်းမှ တာဝန်ရှိသူများ၊ ဓာတ်ပုံပညာရှင်များ ပူးပေါင်းပါဝင်သော ဆုများစိစစ်ရွေးချယ်ရေး အကဲဖြတ်အဖွဲ့က မေ ၁၉ ရက်တွင် ရန်ကုန်မြို့၌ ဆောင်ရွက်ခဲ့ပြီး ယနေ့တွင် ဆုများကို ပေးအပ်ချီးမြှင့်ခြင်းဖြစ်သည်။ 

 

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဇော်မင်းလတ်

 

DSC_11