ပျော်ရွှင်မှုများဖြင့် သက်ဝင်လှုပ်ရှားလာတော့မည့် အောက်တိုဘာ အားလပ်ရက်များ

“နှစ်တိုင်းအိမ်ကို သင်္ကြန်ရက်လောက်မှပဲ ပြန်ဖြစ်တယ်၊ ဒီနှစ်တော့ သီတင်းကျွတ်ပါ ပြန်ရ တော့မှာဆိုတော့ ပျော်နေတာ” ဟု နေပြည်တော်၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့တွင် တာဝန်ထမ်း ဆောင်နေသည့် မကွေးတိုင်းဒေသကြီး နတ်မောက်မြို့မှ ဒေါ်သင်းသွဲ့က ပြောသည်။

 

ယခုကဲ့သို့ သီတင်းကျွတ် အခါသမယတွင် မိဘများထံသို့ ကန်တော့ရင်း စိတ်လက်အေးချမ်းပျော်ရွှင်စွာ ဇာတိမြေသို့ ပြန်နိုင်ခြင်း သည် ယခုနှစ်တွင် နိုင်ငံတော်အစိုးရက သီတင်းကျွတ်အများပြည်သူ အလုပ်ပိတ်ရက်များကို အောက်တိုဘာ ၁၁ ရက်မှ ၁၅ ရက် အထိ ပြင်ဆင်သတ်မှတ်ပေးခဲ့သည့် အတွက်ကြောင့် ဖြစ်သည်ဟု ဒေါ်သင်းသွဲ့က ဆိုသည်။


၂၀၁၉ ခုနှစ် ပြက္ခဒိန်နှစ်အတွက် ထုတ်ပြန်ထားသည့် အများပြည်သူ အလုပ်ပိတ်ရက်များတွင် ကျန်ရှိနေသည့် သီတင်းကျွတ် အများပြည်သူ ရုံးပိတ်ရက် နှစ်ရက်ဖြစ်သော အဖိတ်နေ့နှင့် လပြည့်နေ့သည် စနေ၊ တနင်္ဂနွေနေ့များနှင့် တိုက်ဆိုင်နေရာ နိုင်ငံတော်အစိုးရက အများပြည်သူ အလုပ်ပိတ်ရက်များအတွက် ခံစားခွင့်များ မနစ်နာစေရန် အောက်တိုဘာ ၁၁ ရက်မှ ၁၅ ရက်အထိ ၅ ရက်ကို သီတင်းကျွတ် ရုံးပိတ်ရက်များအဖြစ် ပြင်ဆင်သတ်မှတ်သည့် အမိန့်ကြော်ငြာစာကို သြဂုတ်လ ၉ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာပေးခဲ့သည်။


ပျော်ရွှင်စရာနေ့ရက်များ
လုပ်ငန်းခွင်ဌာနအသီးသီးတွင် နေ့စဉ်နှင့်အမျှ မိမိတို့၏ အလုပ်တာဝန်များကို ကျရာနေရာတွင် ကျေပွန်စွာ ထမ်းဆောင် နေကြသူများအတွက် အလုပ်ပိတ်ရက် (အားလပ်ရက်) ဆိုသည်မှာ တကယ့်ကို ပျော်ရွှင်စရာ နေ့ရက်များပင် ဖြစ်သည်။
“တချို့နယ်တွေ ပြန်ရမယ့်သူတွေဆို ကားလက်မှတ်တွေ ကြိုဝယ်နေကြပြီ။ ဘာပဲ ဖြစ်ဖြစ် ကိုယ့်မိသားစုနဲ့ အခုလို အခါကြီး ရက်ကြီးမှာ ပြန်ဆုံရတော့ ပျော်နေကြမှာပေါ့။ သီတင်းကျွတ်ကို ကိုယ့်ရပ်ရွာမှာပဲ ပျော်ချင် ကြတာပေါ့”ဟု နတ်မောက်မြို့သို့ ပြန်မည့် ဒေါ်သင်းသွဲ့က ပြောသည်။

 

6+


ကြိုတင်ပြင်ဆင်
ယခုပြင်ဆင် သတ်မှတ်ပေးလိုက်သည့် သီတင်းကျွတ်အလုပ်ပိတ်ရက် (အားလပ် ရက်) ရက်ရှည်တွင် မိဘဆွေမျိုးများနှင့် တွေ့ဆုံရန် ဇာတိဒေသ ပြန်မည့်သူများရှိသကဲ့သို့ မြန်မာပြည်၏ အထင်ကရ နေရာများသို့ မိသားစုလိုက်၊ အသင်းအဖွဲ့လိုက် ဘုရားဖူးထွက်မည့် သူများ၊ အပန်းဖြေခရီး ထွက်မည့်သူများလည်း ရှိပြီး ၄င်းတို့မှ ခရီးစဉ်များအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြကြောင်း တွေ့မြင် ကြားသိနေရသည်။


“ကလေးတွေလည်း ကျောင်ပိတ်တဲ့ရက်နဲ့ ကိုယ်တွေ အလုပ်ပိတ်တဲ့ရက်နဲ့က ဒီနှစ် ခရီးထွက်ဖို့ တော်တော်အဆင်ပြေတယ်။ ဒီသီတင်းကျွတ်မှာ မိသားစုလိုက် ခရီးထွက်မယ်။ ကားစီးလုံးငှားဖို့ ကြိုတင်စီစဉ်ပြီးသွားပြီ။ ပုဂံ-ညောင်ဦး- မန္တလေး- ပြင်ဦးလွင် သွားမယ်။ အဓိကက ပုဂံကိုသွားချင်တာ။ ပုဂံမှာ ရက်ကြာကြာနေမယ် စိတ်ကူးထားတယ်” ဟု ပုဇွန်တောင်မြို့နယ် မဟာဗန္ဓုလ လမ်းနှင့် ၅၂ လမ်းထောင့်တွင် ဖွင့်လှစ်ထားသည့် “ကြေးမုံခင်စာပေ” စာအုပ်အရောင်း ဆိုင်မှ မမို့မို့က ပြောသည်။
ထိုသို့ မန္တလေး၊ ပုဂံ-ညောင်ဦး၊ ပုပ္ပား၊ ပြင်ဦးလွင်၊ တောင်ကြီး၊ အင်းလေး၊ ပင်းတယ၊ ကလော၊ လွိုင်ကော်၊ ထားဝယ်၊ ငပလီ၊ ချောင်းသာ၊ ငွေဆောင်၊ ကျိုက်ထီးရိုး၊ ပဲခူး စသည့် မြန်မာနိုင်ငံအနှံ့အပြားရှိ နာမည်ကျော် ဒေသတွင်းခရီးစဉ်များသို့ သွားမည့်သူများ ရှိသကဲ့သို့ ထိုင်း၊ ဗီယက်နမ်အစရှိသည့် အိမ်နီးချင်းနိုင်ငံများသို့ အလည်အပတ်ထွက် မည့်သူများလည်းရှိကြောင်း ခရီးသွားလုပ်ငန်း အဖွဲ့အစည်းများမှ သိရသည်။


ယခင်နှစ်များကထက် ပိုများ

ယခုနှစ် သီတင်းကျွတ် အများပြည်သူ အလုပ်ပိတ်ရက်တွင် တစ်ဦးချင်းတစ်ယောက်ချင်းထက် မိသားစုလိုက် ခရီးထွက်ခြင်း၊ ဌာန ဆိုင်ရာဝန်ထမ်းများ၊ ကုမ္ပဏီအစုအဖွဲ့များမှ ဝန်ထမ်းများ အချင်းချင်းစုဖွဲ့ကာ ဘုရားဖူးထွက်ခြင်း၊ အပျော်ခရီးထွက်ခြင်း၊ အပန်းဖြေ ခရီးထွက်ခြင်းက ယခင်နှစ်များကထက် ပိုများကြောင်း ခရီးသွားလုပ်ငန်းများမှ သိရသည်။


ခရီးသွားဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ် သည့် ရွှေချောင်းသာ- ရွှေကျိုက်ထီးရိုး ခရီး သွားလုပ်ငန်းမှ မန်နေဂျာ ဦးမောင်နိုင်က “ကျွန်တော်တို့ဆီ ကြိုတင်လက်မှတ်က လောလောဆယ်မှာ မိသားစုလိုက်ထက် အဖွဲ့ အစည်းတွေပိုများတယ်။ ဥပမာ ဘဏ်တို့၊ ကုမ္ပဏီတို့ပေါ့။ ခရီးစဉ်တွေဆိုရင်လည်း ချောင်းသာ၊ ငွေဆောင်သွားတာများတယ်။ ချောင်းသာကတော့ အများဆုံးပဲ။ ၇၀ ရာခိုင် နှုန်း လောက်က ချောင်းသာပဲ သွားကြတယ်။ လက်မှတ်တွေက ရောင်းရလို့ အရောင်းတောင် ပိတ်ထားတယ်။ ခုနေ မှာမယ်ဆိုရင်တောင် မိသားစုလောက်ပဲရောင်းပေးနိုင်မှာ။ အခက် အခဲတွေကတော့ ရှိနိုင်တယ်” ဟု ပြောပြခဲ့သည်။


ပျော်ရွှင်စွာဖြတ်သန်း
အားလပ်ရက်များကို ဘုရားဖူးထွက်ခြင်း၊ အပန်းဖြေခရီးထွက်ခြင်း၊ ဇာတိမြေပြန်ခြင်း စသည်ဖြင့် မိမိတို့စိတ်ကြိုက် လွတ်လပ်စွာ အသုံးပြုကြသည့်သူများထဲတွင် မည်သည့် နေရာဒေသများကိုမျှ မသွားဘဲ အိမ်တွင် စာအုပ်စာပေဖတ်ရှုရင်း မိသားစုများဖြင့် ပျော်ရွှင်စွာ ဖြတ်သန်းမည့်သူများလည်း ရှိနေမည်ဖြစ်သည်။


ဆောက်လုပ်ရေးကုမ္ပဏီ ဝန်ထမ်းတစ်ဦး ဖြစ်သူ သာကေတမြို့နယ်နေ မေမေဝင်းက “အခုလို ပိတ်ရက်များတော့ အေးဆေးနေလို့ ရတာပေါ့၊။ ခရီးတော့မထွက်ဖြစ်ဘူး။ ပိတ်ရက်မှာ ကျောက်ပန်းတောင်းက မိဘတွေလာမယ်။ မိဘတွေကို သီတင်းကျွတ် လပြည့်နေ့မှာ ရွှေတိဂုံဘုရားဖူးရအောင် လိုက်ပို့မယ်။ တူတွေ တူမတွေကို နောက်ရက်တွေမှာ ရေကျော် ပွဲဈေးတို့ ရန်ကုန်မှာ လည်ပတ်လို့ ရတဲ့နေရာတွေ လိုက်ပို့မယ်”ဟု ပြောသည်။


အလုပ်အားလပ်ရက်များတွင် ခရီးသွားခြင်း၊ အနားယူအပန်းဖြေခြင်း၊ မိတ်ဆွေများနှင့် တွေ့ဆုံခြင်းတို့သည် စိတ်ဖိစီးမှု လျော့နည်းကာ စိတ်လက်ပေါ့ပါး လန်းဆန်းခြင်း၊ တီထွင်ဖန်တီးနိုင်စွမ်း မြင့်တက်လာ ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်သည် ဟု ကျန်းမာရေးပညာရှင်များ၏ ပြောကြား ချက်များကို စာအုပ်စာပေများတွင် ဖတ်ရှုရသည်။


“ရုံးမှာတစ်နေ့လုံး လုပ်ကိုင်နေရတာ ဆိုတော့ ငြီးငွေ့မှုတွေရှိတယ်။ အားလပ်ရက် က ကျွန်မတို့အတွက် တန်ဖိုးရှိတယ်။ ခုလို အားလပ်ရက်ရှည်ရတော့ ခရီးထွက်မယ်၊ ဘယ်လဲတော့ မသိသေးဘူး။ နီးမှ သူငယ်ချင်းတွေနဲ့ ညှိရမယ်”ဟု ကုမ္ပဏီတစ်ခုတွင် အကြီးတန်း အကြံပေးဆက်သွယ်ရေးတာဝန်ခံ တစ်ဦးဖြစ်သူ မသဇင်က ပြောသည်။


ပျော်ရွှင်စွာခရီးဆန့်
ဤသို့ဖြင့် ယခုနှစ် သီတင်းကျွတ် ရုံးပိတ်ရက် ငါးရက်တာကာလသည် မြန်မာနိုင်ငံ အထက်ပိုင်း၊ အောက်ပိုင်း၊ အလယ်ပိုင်း ဒေသများရှိ သီတင်းကျွတ်ရိုးရာ မီးထွန်းပွဲတော်နှင့် ရိုးရာပွဲလမ်းသဘင်များ၊ အထင်ကရ ကျော်ကြားသည့် နေရာဒေသများနှင့် ထင်ရှားကျော်ကြားသည့် ဘုရားစေတီပုထိုးများသို့ စုကာရုံးကာ ကူးလူးဆက်ယှက် ပျော်ရွှင်စွာခရီးဆန့်မည့် မြင်ကွင်းပုံရိပ်များ၊ ဇာတိမြေတွင် မိသားစုနှင့် ပြန်လည်တွေ့ဆုံ ကြည်နူးနေမည့်သူများ၏ အပြုံးမျက်နှာ ပုံရိပ်များ၊ ပင်လယ်ကမ်းခြေ ဒေသများတွင် ပျော်ရွှင်စွာ အပန်းဖြေကြမည့်သူများ၏ ပုံရိပ်များဖြင့် သက်ဝင်လှုပ်ရှားလာတော့မည် ဖြစ်သည်။

သတင်းဆောင်းပါး- သီသီမင်း

ဓာတ်ပုံ- နေလင်း