ပေါက်ခေါင်းမြို့၌ ကိုဗစ်-၁၉ ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူ (၁၁၀၁) ဦးအထိရှိလာ

ပေါက်ခေါင်း သြဂုတ် ၃၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်း မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့ အတည်ပြုလူနာများနှင့် သေဆုံးသူများရှိပြီး ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရရှိသူ (၁၁၀၁ ) ဦးအထိ ရှိလာပြီဖြစ်ကြောင်း ယမန်နေ့က မြို့နယ် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ သိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် ဇူလိုင်လ ၂ ရက်နေ့မှ သြဂုတ် ၃၀ ရက်နေ့အထိ ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း (၁၄၁၇) ဦးရှိပြီး သေဆုံးသူ စုစုပေါင်း (၄၂) ဦးရှိကာ ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရရှိသူ (၁၁၀၁) ဦးရှိပြီဖြစ်ကြောင်းနှင့် ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာများအား သက်ဆိုင်ရာ ကုသရေးဌာနများနှင့် ယာယီကုသရေးစင်တာ များတွင် ကျန်းမာရေးစောင့်ရှောက် ဆေးဝါးကုသမှုများဆောင်ရွက်ပေးလျက်ရှိကာ ပိုးတွေ့ အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူ အတူနေမိသားစုဝင်များအား အသွားအလာကန့်သတ်၍ Quarantine စင်တာများတွင်ထားရှိပြီး စောင့်ကြပ်ကြည့်ရှုခြင်းများ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုလျော့နည်းလာစေရန်အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများအား မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ ဦးဆောင်ကာ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များက ပူးပေါင်း၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု လျော့နည်းကျဆင်းရေးအတွက် မိမိတို့နေအိမ်များတွင်သာ နေထိုင်ကြရန်နှင့် မဖြစ်မနေ နေအိမ်ပြင်ပ ထွက်ခွာသွားလာရပါက ပါးစပ်နှာခေါင်းစည်း Mask တပ်ဆင်ပြီး သွားလာကြရန်၊ မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိပတ်ဝန်းကျင်တွင်လည်းကောင်း ဖျားနာသူများရှိပါက သက်ဆိုင်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်ပြသကုသရေးတို့အား ပူးပေါင်းဆောင်ရွက်သွားကြရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့မှ အသံချဲ့စက်ဖြင့် နေ့စဉ်တိုက်တွန်းနှိုးဆော်လျက် ရှိကြောင်း သိရသည်။

ဥမ္မာကျော် (မြို့နယ် ပြန်/ဆက်)

mdn