ပေါက်ခေါင်းမြို့နယ်၌ ဆောင်းသီးနှံဖြစ်သည့် မြေပဲ  ၅၇၁၇ ဧကနှင့် ဆောင်းနှမ်း ၄၄၅၂ ဧက လျာထားစိုက်ပျိုးမည်

ပေါက်ခေါင်း နိုဝင်ဘာ ၂၄

 

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မြေပဲ ၅၇၁၇ ဧကနှင့် ဆောင်းနှမ်း ၄၄၅၂ ဧက လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း ပေါက်ခေါင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

“ဆောင်းသီးနှံဖြစ်တဲ့ မြေပဲ (၄)ဧကစိုက်ပျိုးထားပါတယ်၊ အခြားသီးနှံတွေဖြစ်တဲ့ မတ်ပဲနဲ့ နှမ်းလည်း သီးသန့်စိုက်ပျိုးထားတယ်၊ ယခုနှစ် သီးနှံဈေးနှုန်းတွေကတော့ ကောင်းတယ်လို့ ပြောရ ပါတယ်၊ အခြားတောင်သူတွေလည်း မြေပဲ၊ နှမ်းနဲ့ နေကြာတို့ကို သီးသန့်စိုက်ပျိုးထားသလို သီးညှပ်အနေနဲ့လည်း စိုက်ပျိုးကြပါတယ်၊ စိုက်ခင်းတွေကို ဂရုတစိုက်နဲ့ပြုပြင်တာတွေ ပိုးမွှားကျရောက်နေချိန်မှာ ပိုးသတ်ဆေးဖျန်းတာတို့ အပင်အားတိုးဆေး အသုံးပြုပေးနိုင်ရင် အထွက်နှုန်းတိုးမှာပါ” ဟု ဆောင်းသီးနှံစိုက်ပျိုးတောင်သူတစ်ဦးက ပြောသည်။

 

ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် နှမ်း (၄၄၅၂)ဧက၊ မြေပဲ (၅၇၁၇) ဧကစိုက်ပျိုးရန် လျာထားလျက်ရှိပြီး နိုဝင်ဘာ ၂၃ ရက်နေ့အထိ ဆောင်းမြေပဲ ၂၅၆၂ ဧကနှင့် ဆောင်းနှမ်း ၄၄၅၄ ဧက စိုက်ပျိုးပြီးဖြစ်၍ ဆောင်းနှမ်းမှာ လျာထားချက်ထက် ကျော်လွန် စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ တောင်သူများအတွက် ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ ရရှိစိုက်ပျိုးနိုင်ရေး၊ စိုက်နည်းစနစ် မှန်ကန်စေရေး၊ ဓာတ်မြေဩဇာများ အချိုးကျသုံးစွဲနိုင်ရေး စသည့် စိုက်ပျိုးရေးဆိုင်ရာများကို စိုက်ပျိုးရေးဦးစီးဌာန ကွင်းဝန်ထမ်းများက နည်းပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သန်းထွန်းအောင်(ပြန်/ဆက်)