ပေါက်ခေါင်းမြို့နယ်တွင် ဝါးလက်မှုပညာ သင်တန်းဖွင့်လှစ်

ပေါက်ခေါင်း    မေ    ၂၄

 

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသများတွင် နေထိုင်သော ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍  အသက်မွေးဝမ်းကျောင်း အထောက်အကူပြု  ဝါးလက်မှုပညာ သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ညောင်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။

 

သင်တန်းဖွင့်ပွဲတွင် ပေါက်ခေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဖြိုးသူမောင်က သင်တန်းဖွင့် အမှာစကား ပြောကြားပြီး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး           ဦးဌေးဇော်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားရာတွင် ဝါးလက်မှုပညာရပ်ကို သင်ယူတတ်မြောက်ပြီးပါက       ကိုယ်ပိုင်လုပ်ကိုင်ရာတွင် အရင်းအနှီးနည်းပါးခြင်း၊ ကုန်ကြမ်းအဖြစ် အသုံးပြုမည့်ပစ္စည်းများ ဝယ်ယူရလွယ်ကူခြင်းနှင့် တစ်ပိုင်တစ်နိုင် စီးပွားရေး    ဆောင်ရွက်နိုင်ခြင်းတို့ကြောင့် ယခုဝါးလက်မှုပညာသင်တန်းကို  ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားပြီး၊ သင်တန်းသားများကို သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့သည်။

 

အဆိုပါ    သင်တန်းသို့ ပေါက်ခေါင်းမြို့နယ်အတွင်း ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ   (၂၀) တက်ရောက်ပြီး သင်တန်းဆရာများက စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ပြီး၊ သင်တန်းကာလမှာ   ရက်သတ္တနှစ်ပတ်ကြာမြင့်မည်ဖြစ်သည်။

 

သင်တန်းတွင်ဝါးဖြင့် ပြုလုပ်ရသည့် ကုလားထိုင်၊ စားပွဲ၊ ခြင်းတောင်း စသည့် အသုံးအဆောင်ပစ္စည်းများ ပြုလုပ်သည့် ပညာရပ်များကို သင်ကြားပေးမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

သန်းထွန်းအောင်(ပြန်/ဆက်)