ပေါက်မြို့နယ် ရေနီကျေးရွာတွင် မီးကြွင်းမီးကျန် မှတစ်ဆင့် နေအိမ် ၆ လုံး မီးလောင်မှုဖြစ်ပွား

ပေါက်  ဧပြီ  ၁၁

 

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကျောင်းကုန်းကျေးရွာအုပ်စု၊ ရေနီကျေးရွာ၌ ဧပြီ ၁၁ ရက်နံနက် ၁နာရီ ၄၅ မိနစ်ခန့်က မီးကြွင်းမီးကျန် မှတစ်ဆင့် အနီးရှိ ထင်းပုံကို မီးကူးစက်လောင်ကျွမ်းရာမှ နေအိမ် ၆ လုံး မီးကူးစက် လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

1

 

ဖြစ်စဉ်မှာ ရေနီကျေးရွာနေ အိမ်ရှင် ဦးသန်းမြင့်၏ နေအိမ်မီးဖိုဆောင်အတွင်း ဝက်စာအိုး  ကျိုထားသော မီးကြွင်းမီးကျန်မှ အနီးအနားရှိ ထင်းပုံသို့ မီးကူးစက်လောင်ကျွမ်းခဲ့ပြီး နေအိမ်(၆)လုံး မီးကူးစက် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

 

မီးလောင်ရာသို့ ပေါက်မြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးကျော်မင်းသူနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ ဝင်(၆)ဦး မီးသတ် ရေသယ်ယာဉ် တစ်စီး၊ ရေနီကျေးရွာမှ အရန်မီးသတ် တပ်ဖွဲ့ဝင်  ၁၀ ဦး၊ ကျေးရွာသူ ကျေးရွာသားများ ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရာ မနက် ၃ နာရီခန့်တွင် မီးလုံးဝငြိမ်းသွားခဲ့သည်။

 

မီးလောင်မှုကြောင့် အဆိုပါ ကျေးရွာရှိ (၄x၄)ပင်ပတ်လည် သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း နေအိမ်(၅)လုံး၊ (၃x၃)ပင်ပတ်လည် နေအိမ်တစ်လုံး၊ ဝက်နှစ်ကောင်နှင့် ကြက်သွန်မျိုးစေ့ တစ်တင်း ဆုံးရှုံးမှု ဖြစ်ပွားခဲ့သည်။

 

ဉာဏ်တိုး (ပေါက်)