ပေကျင်းလေဆိပ်သစ်ကို တရုတ်သမ္မတ  ရှီကျင့်ဖျင် ဖွင့်လှစ်

ပေကျင်း  ၂၆  စက်တင်ဘာ

 

ကမ္ဘာပေါ်တွင် ခရီးသည် အဝင်၊ အထွက်အများဆုံး လေဆိပ်တစ်ခုဖြစ်လာမည်ဟု မျှော်မှန်းရသည့် ပေကျင်းမြို့တော်ရှိ ခေတ်ဆန်လှသော လေဆိပ်သစ်တစ်ခုကို တရုတ်သမ္မတ ရှီကျင့်ဖျင်က ယနေ့ဖွင့်လှစ်ပေးလိုက်ပြီဖြစ်သည်။

 

တရုတ်နိုင်ငံက ကွန်မြူနစ်ပါတီအုပ်ချုပ်မှု နှစ် (၇၀) ပြည့် အခမ်းအနား မကျင်းပမီ ရက်အနည်းငယ် အလိုတွင် သမ္မတရှီကျင့်ဖျင်က ကြီးမားသောလေဆိပ်အတွင်း ပြုလုပ်သည့် အခမ်းအနားတစ်ခု၌ မိန့်ခွန်းအကျဉ်းချုပ် ပြောကြား၍ ကြယ်ငါးပုံသဏ္ဌာန်လေဆိပ်ကိုဖွင့်လှစ်ကြောင်း ကြေညာခဲ့သည်။ တိန်အန်မင်ရင်ပြင်၏  တောင်ဘက် ၂၉ မိုင်အကွာတွင်တည်ရှိသည့် ပေကျင်းတာဇင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ လေယာဉ်ပြေးလမ်းရှစ်ခု၊ တစ်နှစ်လျှင် ခရီးသည် သန်း ၁၀ဝ အထိ လက်ခံနိုင်မှုနှင့်အတူ ၂၀၄၀ ပြည့်နှစ်တွင် စွမ်းအား ပြည့်အသုံးပြုနိုင်မည်ဖြစ်သည်။ ဘောလုံးကွင်း ၁၀ဝ အရွယ်အစား စတုရန်းမီတာ  ၇၀ဝဝဝဝ (၁၇၂  ဧက)ခန့်ရှိသော လေဆိပ်သစ်မှာ ကမ္ဘာ့အကြီးမားဆုံး လေဆိပ်များအနက်  တစ်ခုဖြစ်လာမည်ဖြစ်သည်။ ပြည်တွင်း၊ ပြည်ပလေကြောင်းလိုင်းများကလည်း  လေဆိပ်သစ်သို့ပြောင်းရွှေ့လုပ်ကိုင်မည့် အစီအစဉ်များကို  ကြေညာခဲ့သည်။  လေဆိပ် အဆောက်အအုံကို ၂၀၁၆ ခုနှစ်တွင် ကွယ်လွန်ခဲ့သည့် အီရတ်-ဗြိတိန် ဗိသုကာ ဇာဟာဟာဒက်က ဒီဇိုင်းရေးဆွဲခဲ့ခြင်းဖြစ်သည်။ လေဆိပ်အောက်တွင်  ခရီးသွားများကို မိနစ် ၂၀ အတွင်း  ပေကျင်းမြို့လယ်သို့  ရောက်ရှိနိုင်သည့်  ဘူတာရုံတစ်ခုနှင့် မြေအောက်ရထားလိုင်းရှိသည်။

 

လေဆိပ်စီမံကိန်းကုန်ကျစရိတ်မှာ ယွမ်  ၁၂၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၅ ဘီလီယံ) သို့မဟုတ် ရထားလမ်း၊ ကားလမ်းများ ထည့်သွင်းပါက ယွမ်  ၄၀ဝ ဘီလီယံဖြစ်သည်။

 

ကိုးကား-အေအက်ဖ်ပီ

ဘာသာပြန် - ကျော်ထိုက်စိုး