ပေကျင်းမှမြောက်ကိုရီးယားသို့ လေယာဉ်ပျံသန်းခွင့် မြောက်ကိုရီးယား ပိတ်ပင်

၂၂ ဇန်နဝါရီ

 

တရုတ်နိုင်ငံ ပေကျင်းမြို့မှ ပြုံယမ်းမြို့သို့ လေယာဉ်ပျံသန်းခွင့်ကို မြောက်ကိုရီးယားနိုင်ငံက ပိတ်ပင်ထားခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် လေကြောင်းလိုင်း Air Koryo က ဆိုသည်။

 

တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်အသစ်နှင့်ဆက်နွှယ်ဖွယ်ရှိသော အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှု နောက်ပိုင်းတွင် ယင်းသို့ ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်း Air Koryo လေကြောင်းလိုင်း တာဝန်ရှိသူများက သတင်းထောက်များကို ပြောကြားခဲ့သည်။

 

ပေကျင်းအခြေစိုက် Koryo ခရီးသွားလုပ်ငန်းကလည်း မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်မည့် နိုင်ငံခြား ခရီးသွားဧည့်များ လက်ခံခြင်းကို ယနေ့တွင် ရပ်ဆိုင်းလိုက်သည်။

 

နိုင်ငံပိုင် ကိုရီးယားဗဟိုရုပ်သံဌာနက ထိုသတင်းကို ယမန်နေ့ ညနေပိုင်းသတင်းတွင် ကြေညာခဲ့ခြင်းဖြစ်သည်။

 

အစိုးရက နိုင်ငံသားများအား ထိုဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုနှင့် ကူးစက်ခြင်းကို ကာကွယ်တားဆီးရန် များစွာကြိုးစားနေသည်ဟု ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ၎င်းဌာနက ကိုးကားဖော်ပြခဲ့သည်။

 

ကိုးကား- အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို