ပေါင်းတည် မောင်းထောင်ကျောင်းတွင် ဓမ္မစကူးလ်ကျောင်း ထပ်မံဖွင့်လှစ်

ပေါင်းတည် ၁၅ ဇွန်

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်တောင်ပိုင်း၊ သိမ်ကြီးရပ်၊ နွယ်ချို (၁)နှင့် (၂)ရပ်ကွက်များအား အခြေပြုကာ သားကောင်းသမီးမွန်များဖြစ်လာစေရေးအတွက် မောင်းထောင်ကျောင်း ဓမ္မစကူးလ် အပတ်စဉ် ဗုဒ္ဓဘာသာ သင်တန်းကျောင်းသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ကျင်းပရာ မြို့နယ်ဓမ္မစကူးလ်နာယက မြို့မကမ္မဌာန်း ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တမဟိန္ဒက သြဝါဒကထာချီးမြှင့်သည်။

ထို့နောက် မြို့နယ်ဓမ္မစကူးလ် ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တကုဏ္ဍလသာမိ  နှင့် ဒုတိယဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဇောတိက တို့က ဝမ်းမြောက်ကြောင်း မုဒိတာစကားများ မြွက်ကြားကြပြီး ဓမ္မစကူးလ် မောင်းထောင် ကျောင်းအုပ်ဆရာတော်က ကျောင်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ထို့နောက်သင်တန်းအတွက် အလှူ ငွေ(၁၀)သိန်းကျပ်အား အလှူရှင်များက လှူဒါန်းရာ ဓမ္မစကူးလ်ကော်မတီမှ ဂုဏ်ပြုမှတ်တမ်းများ ပြန်လည်ပေးအပ်ပြီး ဓမ္မစကူးလ်ကော်မတီဥက္ကဋ္ဌ ဦးစိန်ဝင်းက ကျေးဇူးတင်စကား ပြောကြားသည်။ ဆက်လက်၍ ကျောင်းသားကျောင်းသူများအား စာရေးကိရိယာများနှင့် ဝတ်စုံများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ နာယကဆရာတော်များနှင့် နည်းပြဆရာ၊ ဆရာမများ၊ မြို့နယ်ပညာရေးမှူး၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်ဓမ္မစကူးလ်ကော်မတီဝင်များနှင့် သင်တန်းသား၊ သင်တန်းသူများ အင်အား ၂၀ဝ ကျော် တက်ရောက်ခဲ့ကြသည်။

ယင်းသင်တန်းကို ပေါင်းတည်မြို့တောင်ပိုင်း သိမ်ကြီးရပ်မှ ဖြစ်မြောက်ရေးအကျိုးဆောင်အဖွဲ့မှ ဦးဆောင်ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူဦးရေ ၁၀ဝ ခန့် တက်ရောက်လျက်ရှိရာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

တင်ဝင်းဇော်(မင်းသားကြီး)