ဖားကန့်မြို့နယ်၌ ကျောက်ကမ်းပါးယံပြိုကျ၍ သေဆုံးသူရုပ်အလောင်းတစ်လောင်း ရှာဖွေတွေ့ရှိ

ဖားကန့်  ၅    ဩဂုတ် 


ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု နန့်မှော်ကျေးရွာရှိ ကျောက်စိမ်းတူးဖော်ရေးရပ်နားထားသည့် ရတနာစန်းရွှင်ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်အတွင်း ဩဂုတ် ၃ ရက် ညပိုင်းက ကျောက်ကမ်းပါးယံပြိုကျခဲ့၍ ရေမဆေးကျောက်ရှာဖွေသူအချို့ ဒဏ်ရာရှိကာ သေဆုံးသူများလည်းရှိခဲ့ပြီး ယနေ့နံနက်ပိုင်းက သေဆုံးသူရုပ်အလောင်းတစ်လောင်း ရှာဖွေတွေ့ရှိခဲ့ကြောင်း ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။


 ဖြစ်စဉ်မှာ ဩ ဂုတ် ၃ ရက် ည ၈ နာရီခန့်က ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ နန့်မှော်ကျေးရွာရှိ ကျောက်စိမ်းတူးဖော်ရေးရပ်နားထားသည့် ရတနာစန်းရွှင် ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်အတွင်း အမြင့်ပေ ၃၀ဝ ခန့်ရှိ ကျောက်ကမ်းပါးယံပြိုကျခဲ့၍ ကမ်းပါးယံအောက်ဘက်တွင် ရေမဆေးကျောက်ရှာဖွေနေသူများ ကမ်းပါးယံအောက်ဘက်ရှိ ရေကန်အတွင်းသို့ ပြုတ်ကျမျောပါခဲ့သည်။


ကျောက်ကမ်းပါးယံပြိုကျခဲ့သည့်နေရာသို့ နန့်မှော်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မီးသတ်နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ နန့်မှော်ကျေးရွာလူမှုကူညီရေးအသင်းအဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်ခဲ့ရာ ဒဏ်ရာရရှိသူများဖြစ်ကြသည့် မင်းသန်းဦး၊ သန်းစိုးနှင့် စိုးနိုင်တို့သုံးဦးကို မြတ်ပါရမီလူမှုကူညီရေးယာဉ်ဖြင့် ဖားကန့်မြို့နယ်ဆေးရုံသို့ ဆေးကုသမှုခံယူရန်ပို့ဆောင်ထားကြောင်း သိရသည်။


ဒဏ်ရာရရှိသူများကို ရှာဖွေကယ်ဆယ်ရေးလုပ်ခဲ့သူ နန့်မှော်ကျေးရွာ မြတ်ပါရမီလူမှုကူညီရေးအသင်းမှ ဦးလှိုင်ဌေးအောင်က " ဒဏ်ရာရရှိတာကတော့ ခုနစ်ဦးလောက်တော့ရှိတယ် ဒဏ်ရာပြင်းတဲ့သူတွေကိုပဲ ဆေးရုံကိုပို့လိုက်တာပါ " ဟု ပြောသည်။


အဆိုပါ ကျောက်ကမ်းပါးပြိုကျသည့်ရေကန်အတွင်း ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီခန့်က အင်းတော်ကြီးဒေသ နန့်မွန်းမြို့နေ ကျော်ဇင်လင်း(၂၁ နှစ်)၏ ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခဲ့ပြီး သင်္ခါလူမှုကူညီရေးယာဉ်ဖြင့် ဖားကန့်မြို့နယ်ဆေးရုံသို့ ပို့ဆောင်ကာ ဖားကန့်မြို့မရဲစခန်းတွင် သေမှုသေခင်းရေးဖွင့်ထားကြောင်း သိရသည်။


ဝင်းနိုင်(ကချင်မြေ)

 

25