ဖော်လိုဝါ အရေအတွက်အတိုင်း ကုသိုလ်ပြုမယ့် သရုပ်ဆောင် အေးဝတ်ရည်သောင်း

၂၅ ဒီဇင်ဘာ

လူမှုကွန်ရက်စာမျက်နှာ ဖေ့စ်ဘုတ်ပေါ်မှာ ဖော်လိုဝါ တစ်သန်းကျော်ရရှိထားပြီး နာမည်ထင်ရှားနေတဲ့ ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင် မအေးသောင်းခေါ် အေးဝတ်ရည်သောင်းဟာ သူမရဲ့ offical အကောင့်မှာရှိတဲ့ ဖော်လိုဝါအရေအတွက်အတိုင်း အလှူဒါနတစ်ခု ပြုလုပ်ဖို့ရှိတာပါ။

မီးဘေးသင့်တာကြောင့် အကူအညီလိုအပ်နေတဲ့ ကြို့ပင်ကောက်မြို့နယ်၊ သင်္ခရိုင်ကျေးရွာက မိဘမဲ့ကလေး ၂၇၀ ကျော် ခိုလှုံနေတဲ့ မေတ္တာရိပ် ပရဟိတကျောင်းလေးကို လှူဒါန်းမယ်လို့ သိရပါတယ်။

"သူ့ရဲ့ဖေ့စ်ဘုတ်ကနေ တင်လိုက်ပြီးတော့ အလှူခံချင်တာပေါ့ဗျာ၊ အလှူခံပြီးတော့ အဲလို ဝိုင်းပြီးတော့ လှူချင်တာဗျ၊ ဒါပေမယ့် သူက အဲလိုတင်လိုက်ရင် သူ့အကောင့်ကို ဖော်လိုဝါ ရှာတယ်ထင်မှာစိုးလို့တဲ့၊ သူက အဲဒါမလုပ်တော့ဘူးတဲ့၊ သူ့ရှိတဲ့ ဖော်လိုဝါရှိသလောက်ကို သူလှူမယ်ပြောတယ်ဗျ၊ ဥပမာ တစ်သန်းကျော်ရှိရင် အဲဒီတစ်သန်းကျော် သူလှူမှာပေါ့နော်"ဟု သရုပ်ဆောင် အေးဝတ်ရည်သောင်းရဲ့ ဖခင် ဦးဂျိုးဇက်မြင့်အောင်က ပြောခဲ့ပါတယ်။

သရုပ်ဆောင် အေးဝတ်ရည်သောင်းဟာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်လိုဝါ ခုနစ် ခုနစ်လုံးပြည့်နဲ့ ရှစ်ခုနစ်လုံးပြည့်တွေမှာလည်း အမှတ်တရ အစီအစဉ်လေးတွေ ပြုလုပ်ခဲ့ပြီး ယခုအချိန်မှာတော့ ဖော်လိုဝါ တစ်သန်းကျော်ခဲ့တာကြောင့် အမှတ်တရအနေနဲ့ ခုလိုလှူဒါန်းမှု ပြုလုပ်မယ်လို့ သိရပါတယ်။ လှူဒါန်းမှုကိုတော့ နှစ်သစ်မကူးပြောင်းခင် ဒီဇင်ဘာ ၂၅ ရက် ဝန်းကျင်မှာ လုပ်ဆောင်သွားမှာဖြစ်ပြီး လှူဒါန်းချိန်မှာရှိတဲ့ ဖော်လိုဝါအရေအတွက်အတိုင်း လှူဒါန်းမှုပြုမယ်လို့ သိရပါတယ်။

ဆုဆုရှိ