ဖေ့စ်ဘွတ် ဘယ်လိုသုံးမလဲ

ရှင်မင်း

 

မြန်မာ့လူမှုအသိုင်းအဝိုင်းတွင် ဖေ့စ်ဘွတ်သုံးစွဲမှုသည်ယခုအခါ စိမ့်ဝင်ပျံ့နှံ့လျက်ရှိသည်။ ဖေ့စ်ဘွတ်ကိုစွဲစွဲလမ်းလမ်းသုံးစွဲမှုများ ရှိလာသည်။ ဘာလုပ်လုပ်ဖေ့စ်ဘွတ်တင်ရမှ ကျေနပ်သူများလည်း ရှိလာသည်။ ဖေ့စ်ဘွတ်တင်လိုက်သည့်အတွက် တစ်ပါးသူ အလွဲအသုံးပြုနိုင်သည့် ကိုယ်ရေးကိုယ်တာ အချက်အလက်ပေါက်ကြားမှုလည်း များစွာရှိလာသည်။ ဖေ့စ်ဘွတ်မှတစ်ဆင့် အဖြစ်အပျက်များကို လျင်မြန်စွာ သိရှိနိုင်သည်မှန်သော်လည်း အပြုသဘောမဆောင်သည့် အတား အဆီးမဲ့ ရေးကြ၊ ပြောကြ၊ ဝေဖန်ကြသည်များ ရှိလာ သည်။ အမှန်တရားမဟုတ်ဘဲ လုပ်ကြံဖန်တီးထားသော အဖြစ်အပျက်များသည်လည်း ဖေ့စ်ဘွတ်သုံးစွဲသူများ အကြား ပျံ့နှံ့နေသည်။

မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ သန်းကျော် ရှိသော်လည်း မိုဘိုင်းဆင်းကတ်သုံးစွဲမှု သန်း ၆၀ ကျော်ရှိကာ လူမှုမီဒီယာသုံးစွဲသူ သန်း ၂၀ ကျော်ရှိသည်ဟု သိရှိရသည်။ Facebook၊ Viber၊ Twitter၊ Skype နအစရှိသည်ဖြင့် ထင်ရှားအသုံးများသည့် လူမှုမီဒီယာများ အနက်မှ Facebook သည် မြန်မာနိုင်ငံတွင် သုံးစွဲမှုအများဆုံးဖြစ်သည်။

 

ဖေ့စ်ဘွတ် သုံးစွဲမှုအတွေ့အကြုံ

“တစ်ခါက ကျွန်တော်တို့မိသားစုဓာတ်ပုံကိုကျွန်တော် ဖေ့စ်ဘွတ်မှာ တင်ပါတယ်။ ဒီအောက်မှာ ကျွန်တော်နဲ့ တစ်ခါမှ သိကျွမ်းခြင်းလည်းမရှိ၊ ရန်ငြိုး ရန်စလည်းမရှိတဲ့သူတစ်ယောက်က လာပြီး ကော့မန့်ရေးပါတယ်။ ရေးထားတယ်ဆိုတာထက် ဆဲထားတာပါ။ ကျွန်တော်လည်း မက်ဆင်ဂျာကနေ ရေးတဲ့သူကိုဘာဖြစ်လို့ ဆဲတာလဲလို့ မေးကြည့်ပါတယ်။ အဖြေမပြန်ပါဘူး။ ဒီလိုဖြစ်ပြီးနောက်ပိုင်း ဖေ့စ်ဘွတ်တင်ချင်ရင် Privacy ကို ထည့်စဉ်းစားလာတယ်။ လာပြီး add တဲ့သူတွေဆိုကြအကေူ Mutual Friend မရှိရင် လက်မခံရဲတော့ဘူး။ Post လည်း အရင်လို မတင်ရဲတော့ဘူး။ Post တင်ရင်လည်း Privacy ကို Public မလုပ်တော့ဘဲ Friend နဲ့ပဲ တင်ဖြစ်တော့တယ်” ဟု လူမှုမီဒီယာဖေ့စ်ဘွတ်သုံးစွဲမှုအတွေ့အကြုံကို ကိုကျော်ဌေးက ပြောပြသည်။

 

ဒစ်ဂျစ်တယ်နည်းပညာကြောင့် သတင်းအချက်အလက်ဖြန့်ဝေနိုင်မှု ကောင်းမွန်လာခဲ့သော်လည်း တစ်ဖက်တွင် မှန်ကန်သော သတင်းအချက်အလက်ရယူသုံးစွဲနိုင်ရေးနှင့် သတင်းအချက်အလက်အပေါ် အမှား၊ အမှန် စိစစ်နိုင်ရေးသည် မြန်မာ့လူမှုပတ်ဝန်းကျင်တွင်လိုအပ်နေပြီဖြစ်သည်။

 

လိမ်လည်ခြိမ်းခြောက်ခံရနိုင်

မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုအားနည်းခြင်းကြောင့် လူမှုမီဒီယာ ဖေ့စ်ဘွတ်သုံးစွဲမှုမှတစ်ဆင့် ပြဿနာများ ဖြစ်ပေါ် ဝင်ရောက်လာနိုင်သည်။ ယခုအခါ ဖေ့စ်ဘွတ်ပေါ်မှတစ်ဆင့်လိမ်လည်ငွေတောင်းခံခြင်း၊ ဖေ့စ်ဘွတ်အကောင့်ခိုးယူ၍ ငွေခြိမ်းခြောက်တောင်းခံခြင်းကဲ့သို့ ကိစ္စရပ်များ ဖြစ်ပေါ် လျက်ရှိသည်။

ထိုကဲ့သို့ ဖေ့စ်ဘွတ်သုံးစွဲမှုမှတစ်ဆင့် လိမ်လည်ခံရခြင်း၊ ခြိမ်းခြောက်ခံရခြင်းတို့ တွေ့ကြုံရပါက မြန်မာ နိုင်ငံရဲတပ်ဖွဲ့သို့ တိုင်ကြားနိုင်ကြောင်း သိရသည်။

“ဖေ့စ်ဘွတ်ပေါ်ကနေ ငွေကြေးလိမ်လည်ခံရတာ နှစ်မျိုးရှိပါတယ်။ ဖေ့စ်ဘွတ်အကောင့် ခိုးယူပြီး ငွေညှစ်တဲ့ Blackmail တစ်မျိုးလည်းရှိပါတယ်။ ငွေလိမ်နည်း နှစ်မျိုး ကတော့ အကောင့်ကို Hack ပြီး ကိုယ့်မိတ်ဆွေတွေဆီမှာ ငွေချေးတာမျိုး၊ ညနေပြန်ပေးမယ် သူငယ်ချင်းရေ၊ လမ်းခုလတ် ငွေလိုလို့၊ ကားပျက်လို့ဆိုပြီး ငွေချေးတာမျိုး တွေပါ။ ဒါက တရားခံ ဘယ်သူဘယ်ဝါမသိတဲ့ကိစ္စဖြစ်တတ်ပါတယ်။ နောက်တစ်ခုက ဖေ့စ်ဘွတ်ပေါ်ကနေ လူယုံကြည်အောင် အကွက်ဆင်၊ မက်ဆင်ဂျာမှာ အပြန်အလှန်ပြောဆိုပြီး စုကြေးငွေစုခိုင်းပြီးမှ လိမ်လည်တဲ့ကိစ္စဖြစ်ပါတယ်။ ဒီကိစ္စကတော့ လူချင်းသိကြတာများတဲ့ကိစ္စဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှုခင်းရဲတပ်ဖွဲ့ နည်းပညာမှုခင်းဌာနမှ ရဲမှူးကြီး ညွန့်ဝေက အင်တာဗျူးတစ်ခုတွင် ဖြေကြားထားသည်။

 

ရှောင်ကြဉ်ရန်လိုအပ်

နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ်ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့်ဥပဒေများနှင့် မဆန့်ကျင်လျှင် မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်ရှိသည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄ တွင် ဖော်ပြပါရှိသည်။

လူမှုမီဒီယာ အထူးသဖြင့် ဖေ့စ်ဘွတ်ပေါ်တွင် မိမိ၏ ပုဂ္ဂလိကလွတ်လပ်မှုကြောင့် အခြားသူများကို အနှောင့်အယှက်မဖြစ်သင့်ပေ။ ထို့အတူ လူမျိုး၊ နိုင်ငံ၊ ဘာသာရေး၊ ဒေသ၊ ကျား/မ လိင်ကွဲပြားမှု၊ လိင်ပိုင်းဆိုင်ရာ ခံယူမှု၊ မသန်စွမ်းသူများနှင့် နာတာရှည်ရောဂါဖြင့် ကျန်းမာရေး ချို့တဲ့သူများကို ထိခိုက်နာကျင်စေမည့် အမုန်းစကားများ ပြောကြားခြင်း၊ ဖြန့်ဝေခြင်းကို ရှောင်ကြဉ်ရန်လိုအပ်သည်။

 

ခွဲခြားသိရှိရန် လိုအပ်

“လူမှုမီဒီယာက အသုံးများလာတော့ တချို့နိုင်ငံတွေမှာဆို အလုပ်ခန့်ဖို့ ရွေးချယ်ရင် လာလျှောက်တဲ့သူရဲ့လူမှုမီဒီယာစာမျက်နှာကို ကြည့်တာမျိုးရှိလာတယ်လို့သိရတယ်။ လာလျှောက်တဲ့သူဟာ စိတ်ခံစားမှုတွေအမြဲတမ်းဖော်ပြတတ်သူလား၊ Privacy ထားရမှာ တွေကို ဖွင့်ချတတ်သူလား၊ တခြားသူတွေကို အပြစ်မြင်တတ်သူလား ဒါတွေကို ကြည့်တာမျိုး ရှိလာတယ်လို့သိရတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာလည်း ကျောင်းသား အရွယ် စာပေဘက်လေ့လာရမှာကို ဖုန်းနဲ့ အချိန်ကုန်နေ တာမျိုးတွေ ရှိလာတယ်။ မိသားစုအားလပ်ချိန်တောင်စကားမပြောတော့ဘူး။ ဖုန်းပဲ သုံးကြတယ်။ ဘယ်အရာပဲဖြစ်ဖြစ် ကိုယ့်ဘဝအတွက် ဘယ်ဟာက အရေးကြီးတယ်၊ အရေးမကြီးဘူးဆိုတာ ခွဲခြားဖို့လိုပါတယ်” ဟု အငြိမ်းစား ကျောင်းဆရာကြီးတစ်ဦးက ဆိုသည်။

“ဖေ့စ်ဘွတ်က အတော်စုံတဲ့ မီဒီယာတစ်ခုလို့လည်း ပြောလို့ရတယ်။ ဖေ့စ်ဘွတ်သုံးရင်းနဲ့ ဖေ့စ်ဘွတ်မှာ အမှန်မဟုတ်ဘဲ တင်တာမျိုးတွေ၊ အရင်နှစ်တွေက ဖြစ်ပျက်တာ တွေကို Memories ပြန်ပေါ်တာမျိုးမဟုတ်ဘဲ အခုမှဖြစ်သလိုမျိုး၊ ဥပမာ အရင်တုန်းက ရေကြီးခဲ့တာကိုအခုရေကြီးနေသလိုမျိုး Copy ယူပြီး ပြန်တင်တာမျိုးတွေ၊ ဖြတ်ညှပ်ကပ် လုပ်ထားတာမျိုးတွေ ဒီလို အတုအယောင်တွေ အများကြီးရှိတာကို သိလာရတယ်။ သတင်းပေ့ချ်အတုတွေတောင်ရှိတယ်။ အခုတော့ သတင်းအကြောင်း အရာတစ်ခုကိုသိချင်ရင် အပြာရောင် အမှတ်အသား(Blue Mark) ပါတဲ့ သတင်းမီဒီယာက သတင်းတွေကိုကြည့်တယ်။ ဖေ့စ်ဘွတ်မှာ ဒီလိုအတုအယောင်တွေရှိတာ ပြည်သူတွေအားလုံးသိအောင် အသိပညာပေးသင့်တယ်လို့ ထင်ပါတယ်။ ဖေ့စ်ဘွတ်သုံးရင်းနဲ့ ဘယ်သူ့အတွက်မှအကျိုးမရှိဘဲ ဆဲဆိုတာတွေ၊ ဝေဖန်တာတွေ၊ အတုအယောင်တွေ ရှိနေတော့ အရင်ကလို အချိန်အကြာကြီး မသုံးဖြစ်တော့ဘူး။ ဖေ့စ်ဘွတ်က ဘဝမဟုတ်ဘူးလို့ ခံယူထားတယ်”ဟု ဖေ့စ်ဘွတ်သုံးစွဲသူ မကေသီခိုင် က ၎င်း၏ အတွေ့အကြုံကို ပြောပြသည်။

ပြည်သူများအကြား လူမှုမီဒီယာ အသုံးများလာ သည့်အတွက် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု အသိပညာပေးလုပ်ငန်းများကို နိုင်ငံတစ်ဝန်း လုပ်ဆောင်ရန် လိုအပ်နေသည်။

လူတိုင်းနီးပါး လူမှုမီဒီယာများ သုံးစွဲလာသည့်ယနေ့ခေတ်တွင် လူမှုမီဒီယာမှ ပေးလာသည့် သတင်း အချက်အလက်များသည် မှန်သည်၊ မှားသည် ခွဲခြားသိရှိလာရန် အရေးပါလာပေသည်။ ထို့အတွက် ပြည်သူများ အကြား မီဒီယာနှင့် သတင်းအချက်အလက် သိနား လည်မှုဆိုင်ရာ အ သိပညာများ ဖြန့်ဝေရမည်ဖြစ်သည်။ လူမှုမီဒီယာ ဖေ့စ်ဘွတ်နှင့်ပတ်သက်၍ “ချင့်ယုံ၊ ကြည့်ရှဲ(Share)၊ ချိန်ပြော” ဟူသည့် အသိပညာပေး ဆောင်ပုဒ်ပါအတိုင်း လူမှုမီဒီယာတွင် တွေ့မြင်ရသည်များကို ချင့်ချိန်ယုံကြည်ရန်၊ စိစစ်စဉ်းစားပြီးမှ ရှဲ(Share)လုပ်ရန်၊ Post တင်ခါနီး အကျိုး၊ အပြစ် ချိန်ဆရန် လိုအပ်နေပြီဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။