ဖေ့စ်ဘွတ် ဘယ်လိုသုံးမလဲ

၁၇   စက်တင်ဘာ

မြန်မာ့လူမှုအသိုင်းအဝိုင်းတွင် ဖေ့စ်ဘွတ်သုံးစွဲမှုသည် ယခုအခါ စိမ့်ဝင်ပျံ့နှံ့လျက်ရှိသည်။ ဖေ့စ်ဘွတ်ကို စွဲစွဲလမ်းလမ်းသုံးစွဲမှုများ ရှိလာသည်။ ဘာလုပ်လုပ် ဖေ့စ်ဘွတ်တင်ရမှ ကျေနပ်သူများလည်း ရှိလာသည်။ ဖေ့စ်ဘွတ်တင်လိုက်သည့်အတွက် တစ်ပါးသူ အလွဲအသုံးပြုနိုင်သည့် ကိုယ်ရေးကိုယ်တာ အချက်အလက် ပေါက်ကြားမှုလည်း များစွာရှိလာသည်။ ဖေ့စ်ဘွတ်မှတစ်ဆင့် အဖြစ်အပျက်များကို လျင်မြန်စွာ သိရှိနိုင်သည် မှန်သော်လည်း အပြုသဘောမဆောင်သည့် အတားအဆီးမဲ့ ရေးကြ၊ ပြောကြ၊ ဝေဖန်ကြသည်များ ရှိလာသည်။ အမှန်တရားမဟုတ်ဘဲ လုပ်ကြံဖန်တီးထားသော အဖြစ်အပျက်များသည်လည်း ဖေ့စ်ဘွတ်သုံးစွဲသူများအကြား ပျံ့နှံ့နေသည်။

မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ သန်းကျော် ရှိသော်လည်း မိုဘိုင်းဆင်းကတ်သုံးစွဲမှု သန်း ၆၀ ကျော်ရှိကာ လူမှုမီဒီယာ သုံးစွဲသူ သန်း ၂၀ ကျော်ရှိသည်ဟု သိရှိရသည်။ Facebook ၊ Viber ၊ Twitter ၊ Skype  အစရှိသည်ဖြင့် ထင်ရှားအသုံး များသည့် လူမှုမီဒီယာများအနက်မှ Facebook  သည် မြန်မာနိုင်ငံတွင် သုံးစွဲမှု အများဆုံးဖြစ်သည်။

ဖေ့စ်ဘွတ် သုံးစွဲမှုအတွေ့အကြုံ

“တစ်ခါက ကျွန်တော်တို့မိသားစုဓာတ်ပုံကို ကျွန်တော် ဖေ့စ်ဘွတ်မှာတင်ပါတယ်။ ဒီအောက်မှာ ကျွန်တော်နဲ့ တစ်ခါမှ သိကျွမ်းခြင်းလည်းမရှိ၊ ရန်ငြိုးရန်စလည်း မရှိတဲ့သူတစ်ယောက်က လာပြီးကော့မန့်ရေးပါတယ်။ ရေးထားတယ် ဆိုတာထက် ဆဲထားတာပါ။ ကျွန်တော်လည်း မက်ဆင်ဂျာကနေ ရေးတဲ့သူကို ဘာဖြစ်လို့ ဆဲတာလဲလို့ မေးကြည့်ပါတယ်။ အဖြေမပြန်ပါဘူး။ ဒီလိုဖြစ်ပြီးနောက်ပိုင်း ဖေ့စ်ဘွတ်တင်ချင်ရင် Privacy ကို ထည့်စဉ်းစားလာတယ်။ လာပြီး Add တဲ့ သူတွေဆို Mutual Friend မရှိရင် လက်မခံရဲတော့ဘူး။ Post လည်း အရင်လို မတင်ရဲတော့ဘူး။ Privacy တင်ရင်လည်း ဏမငလခေပ ကို Public မလုပ်တော့ဘဲ Friend  နဲ့ပဲ တင်ဖြစ်တော့တယ်” ဟု လူမှုမီဒီယာဖေ့စ်ဘွတ် သုံးစွဲမှုအတွေ့အကြုံကို ကိုကျော်ဌေးက ပြောပြသည်။

ဒစ်ဂျစ်တယ်နည်းပညာကြောင့် သတင်းအချက်အလက် ဖြန့်ဝေနိုင်မှု ကောင်းမွန်လာခဲ့သော်လည်း တစ်ဖက်တွင် မှန်ကန်သော သတင်းအချက်အလက် ရယူသုံးစွဲနိုင်ရေးနှင့် သတင်းအချက်အလက်အပေါ် အမှား၊ အမှန် စိစစ်နိုင်ရေးသည် မြန်မာ့လူမှုပတ်ဝန်းကျင်တွင် လိုအပ်နေပြီဖြစ်သည်။

လိမ်လည်ခြိမ်းခြောက်ခံရနိုင်

မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု အားနည်းခြင်းကြောင့် လူမှုမီဒီယာ ဖေ့စ်ဘွတ်သုံးစွဲမှုမှ တစ်ဆင့် ပြဿနာများ ဖြစ်ပေါ်ဝင်ရောက်လာနိုင်သည်။ ယခုအခါ ဖေ့စ်ဘွတ်ပေါ်မှတစ်ဆင့် လိမ်လည်ငွေတောင်းခံခြင်း၊ ဖေ့စ်ဘွတ်အကောင့်ခိုးယူ၍ ငွေခြိမ်းခြောက်တောင်းခံခြင်းကဲ့သို့ ကိစ္စရပ်များ ဖြစ်ပေါ်လျက်ရှိသည်။

ထိုကဲ့သို့ ဖေ့စ်ဘွတ်သုံးစွဲမှုမှတစ်ဆင့် လိမ်လည်ခံရခြင်း၊ ခြိမ်းခြောက်ခံရခြင်းတို့ တွေ့ကြုံရပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ တိုင်ကြားနိုင်ကြောင်း သိရသည်။

“ဖေ့စ်ဘွတ်ပေါ်ကနေ ငွေကြေးလိမ်လည်ခံရတာ နှစ်မျိုးရှိပါတယ်။ ဖေ့စ်ဘွတ်အကောင့် ခိုးယူပြီး ငွေညှစ်တဲ့ Blackmail တစ်မျိုးလည်းရှိပါတယ်။ ငွေလိမ်နည်း နှစ်မျိုးကတော့ အကောင့် ကို Hack ပြီး ကိုယ့်မိတ်ဆွေတွေဆီမှာ ငွေချေးတာမျိုး၊ ညနေပြန်ပေးမယ် သူငယ်ချင်းရေ၊ လမ်းခုလတ် ငွေလိုလို့၊ ကားပျက်လို့ဆိုပြီး ငွေချေးတာမျိုးတွေပါ။ ဒါက တရားခံဘယ်သူ ဘယ်ဝါမသိတဲ့ကိစ္စ ဖြစ်တတ်ပါတယ်။ နောက်တစ်ခုက ဖေ့စ်ဘွတ်ပေါ်ကနေ လူယုံကြည်အောင် အကွက်ဆင်၊ မက်ဆင်ဂျာမှာ အပြန်အလှန်ပြောဆိုပြီး စုကြေးငွေစုခိုင်းပြီးမှ လိမ်လည်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒီကိစ္စကတော့ လူချင်းသိကြတာများတဲ့ ကိစ္စဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် မှုခင်းရဲတပ်ဖွဲ့ နည်းပညာမှုခင်းဌာနမှ ရဲမှူးကြီး ညွန့်ဝေက အင်တာဗျူးတစ်ခု တွင် ဖြေကြားထားသည်။

ရှောင်ကြဉ်ရန်လိုအပ်

နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်ရှိသည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ တွင် ဖော်ပြပါရှိသည်။

လူမှုမီဒီယာ အထူးသဖြင့် ဖေ့စ်ဘွတ်ပေါ်တွင် မိမိ၏ ပုဂ္ဂလိက လွတ်လပ်မှုကြောင့် အခြားသူများကို အနှောင့်အယှက်မဖြစ် သင့်ပေ။ ထို့အတူ လူမျိုး၊ နိုင်ငံ၊ ဘာသာရေး၊ ဒေသ၊ ကျား/မ လိင်ကွဲပြားမှု၊ လိင်ပိုင်းဆိုင်ရာခံယူမှု၊ မသန်စွမ်းသူများနှင့် နာတာရှည်ရောဂါဖြင့် ကျန်းမာရေးချို့တဲ့သူများကို ထိခိုက်နာကျင်စေမည့် အမုန်းစကားများ ပြောကြားခြင်း၊ ဖြန့်ဝေခြင်းကို ရှောင်ကြဉ်ရန်လိုအပ်သည်။

ခွဲခြားသိရှိရန် လိုအပ်

“လူမှုမီဒီယာက အသုံးများလာတော့ တချို့နိုင်ငံတွေမှာဆို အလုပ်ခန့်ဖို့ ရွေးချယ်ရင် လာလျှောက်တဲ့သူရဲ့ လူမှုမီဒီယာ စာမျက်နှာကို ကြည့်တာမျိုးရှိလာတယ်လို့ သိရတယ်။ လာလျှောက်တဲ့သူဟာ စိတ်ခံစားမှုတွေ အမြဲတမ်းဖော်ပြ တတ်သူလား၊ Privacy ထားရမှာတွေကို ဖွင့်ချတတ်သူလား၊ တခြားသူတွေကို အပြစ်မြင်တတ်သူလား ဒါတွေကို ကြည့်တာမျိုး ရှိလာတယ်လို့ သိရတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာလည်း ကျောင်းသားအရွယ် စာပေဘက်လေ့လာရမှာကို ဖုန်းနဲ့ အချိန်ကုန်နေတာမျိုးတွေ ရှိလာတယ်။ မိသားစုအားလပ်ချိန်တောင် စကားမပြောတော့ဘူး။ ဖုန်းပဲ သုံးကြတယ်။ ဘယ်အရာပဲဖြစ်ဖြစ် ကိုယ့်ဘဝအတွက် ဘယ်ဟာက အရေးကြီးတယ်၊ အရေးမကြီးဘူးဆိုတာ ခွဲခြားဖို့လိုပါတယ်”ဟု အငြိမ်းစား ကျောင်းဆရာကြီးတစ်ဦးက ဆိုသည်။

“ဖေ့စ်ဘွတ်က အတော်စုံတဲ့ မီဒီယာတစ်ခုလို့လည်း ပြောလို့ရတယ်။ ဖေ့စ်ဘွတ်သုံးရင်းနဲ့ ဖေ့စ်ဘွတ်မှာ အမှန်မဟုတ်ဘဲ တင်တာမျိုးတွေ၊ အရင်နှစ်တွေက ဖြစ်ပျက်တာတွေကို  Memories  ပြန်ပေါ်တာမျိုးမဟုတ်ဘဲ အခုမှ ဖြစ်သလိုမျိုး၊ ဥပမာ အရင်တုန်းက ရေကြီးခဲ့တာကို အခုရေကြီးနေသလိုမျိုး Copy ယူပြီး ပြန်တင်တာမျိုးတွေ၊ ဖြတ်ညှပ်ကပ် လုပ်ထားတာမျိုးတွေ ဒီလိုအတုအယောင်တွေ အများကြီးရှိတာကို သိလာရတယ်။ သတင်းပေ့ချ်အတုတွေ တောင်ရှိတယ်။ အခုတော့ သတင်းအကြောင်းအရာတစ်ခုကို သိချင်ရင် အပြာရောင် အမှတ်အသား(Blue Mark) ပါတဲ့ သတင်းမီဒီယာက သတင်းတွေကိုကြည့်တယ်။ ဖေ့စ်ဘွတ်မှာ ဒီလိုအတုအယောင်တွေရှိတာ ပြည်သူတွေအားလုံးသိအောင် အသိပညာ ပေးသင့်တယ်လို့ ထင်ပါတယ်။ ဖေ့စ်ဘွတ်သုံးရင်းနဲ့ ဘယ်သူ့အတွက်မှ အကျိုးမရှိဘဲ ဆဲဆိုတာတွေ၊ ဝေဖန်တာတွေ၊ အတုအယောင်တွေရှိနေတော့ အရင်ကလို အချိန်အကြာကြီး မသုံးဖြစ်တော့ဘူး။ ဖေ့စ်ဘွတ်က ဘဝမဟုတ်ဘူးလို့ ခံယူထားတယ်” ဟု ဖေ့စ်ဘွတ်သုံးစွဲသူ မကေသီခိုင်က ၎င်း၏ အတွေ့အကြုံကို ပြောပြသည်။

ပြည်သူများအကြား လူမှုမီဒီယာ အသုံးများလာသည့်အတွက် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု အသိပညာပေးလုပ်ငန်းများကို နိုင်ငံတစ်ဝန်း လုပ်ဆောင်ရန် လိုအပ်နေသည်။

လူတိုင်းနီးပါး လူမှုမီဒီယာများ သုံးစွဲလာသည့် ယနေ့ခေတ်တွင် လူမှုမီဒီယာမှပေးလာသည့် သတင်းအချက် အလက်များသည် မှန်သည်၊ မှားသည် ခွဲခြားသိရှိလာရန် အရေးပါလာပေသည်။ ထို့အတွက် ပြည်သူများအကြား မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုဆိုင်ရာ အသိပညာများ ဖြန့်ဝေရမည်ဖြစ်သည်။ လူမှုမီဒီယာ ဖေ့စ်ဘွတ် နှင့်ပတ်သက်၍ “ချင့်ယုံ၊ ကြည့်ရှဲ (Share)၊ ချိန်ပြော” ဟူသည့် အသိပညာပေး ဆောင်ပုဒ်ပါအတိုင်း လူမှုမီဒီယာတွင် တွေ့မြင်ရသည်များကို ချင့်ချိန်ယုံကြည်ရန်၊ စိစစ်စဉ်းစားပြီးမှ ရှဲ(Share) လုပ်ရန်၊ Post တင်ခါနီး အကျိုး၊ အပြစ်ချိန်ဆရန် လိုအပ်နေပြီဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

ရှင်မင်း