ဖြေလျှော့ပေးသော်ငြား ပေါ့လျော့၍မရပါ

နေပြည်တော်၊ ၁၅ ဒီဇင်ဘာ

 

ကမ္ဘာ့သမိုင်းတွင် ပထမဆုံးအဖြစ် တက်သုတ်ရိုက် ရှာဖွေစမ်းသပ် ဖော်ထုတ်လိုက်ရသည့် ဗိုင်းရပ်စ်ကာကွယ်ဆေးများအဖြစ်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအချို့ ပေါ်ထွက်လာပြီဖြစ်သည်။ ကာကွယ်ဆေး၏ အာနိသင်များနှင့်စပ်လျဉ်း၍ အာမခံနိုင်ရန်အတွက် ပြည့်စုံလုံလောက်သော စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ရန်အချိန်ပြည့်သည်အထိ မစောင့်နိုင်ဘဲ ထုတ်လုပ်လိုက်ရသည့် ကာကွယ်ဆေးများကိုပင် ကမ္ဘာ့နိုင်ငံအသီးသီးတို့က မြန်နိုင်သမျှ မြန်မြန်ရဖို့အရေး လုံးပန်းနေကြရပြန်သည်။

 

မည်သို့ပင်ဆိုစေ ကာကွယ်ဆေးများ စတင်ပေါ်ထွက်လာခြင်းက ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါကို ထိန်းချုပ်နိုင်ရေးအတွက် မျှော်လင့်ချက်များကို ပိုမိုရှင်သန်ခိုင်မာစေသည်။ နှစ်ပေါက်နေပြီဖြစ်သည့် ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုကို နောက်ထပ်အချိန်ကာလ အတိုင်းအတာတစ်ခုတွင် ထိန်းချုပ်သွားနိုင်ပြီး ပုံမှန်နေထိုင်မှုပုံစံများအတိုင်း ပြန်လည်နေထိုင်သွားနိုင်ရန် မျှော်လင့်၍ရပြီ၊ အချိန်ကာလ အတိုင်းအတာဟု ဆိုရာတွင် လူသားအားလုံးကို ဗိုင်းရပ်စ်ကာကွယ်ဆေးဖြင့် လွှမ်းခြုံပေးနိုင်သည့် အခြေအနေသို့ ရောက်ရှိမှသာဖြစ်နိုင်မည်ဖြစ်ရာ ကာကွယ်ဆေးထိုးသည့် အစိတ်အပိုင်းများက ထိုးနေကြသလို ဗိုင်းရပ်စ်ပျံ့နှံ့ကူးစက်မှုကလည်း ရှိနေဦးမည်ဖြစ်ပြီး နယူးနော်မယ် အနေအထားဖြင့် တန်းမဖြုတ်သေးဘဲ ဆက်လက်နေကြ ရဦးမည်ဖြစ်သည်။

 

နိုင်ငံတော်အနေဖြင့်မူ ကိုဗစ်ကာကွယ်ဆေးရရှိရေးအတွက် ဆောင်ရွက်ဖွယ်ရာ ရှိသည်များအားလုံးကို ဆောင်ရွက်ပြီးဖြစ်သည်။ ကာကွယ်ဆေးများ လုံလုံလောက်လောက်ရရှိရေး၊ သိုလှောင်ရေး၊ ဖြန့်ဖြူးရေး၊ အမျိုးသားအဆင့် ကာကွယ်ဆေးထိုးနှံရေးတို့ကို မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိအောင် ဆောင်ရွက်သွားရန် အစီအစဉ်များ ပြုလုပ်ထားပြီးဖြစ်သည်။ ကာကွယ်ဆေး မထိုးနိုင်သေးမီအချိန် အခိုက်အတန့်တစ်ခုအတွင်း ရောဂါကူးစက်ပျံ့နှံ့မှုအရှိန် ပိုမိုမြင့်မားမသွားစေရန်အတွက် ပြည်သူတစ်ဦးချင်းစီက မိမိကိုယ်ကိုယ် ကပ်ရောဂါကူးစက်မှုအန္တရာယ်မှ ကာကွယ်ထားနိုင်ကြရန် လိုသည်။ မမေ့မလျော့ မပေါ့မဆဘဲ မိမိကိုယ်ကိုယ် ကာကွယ်နေကြခြင်းသည် မိမိပတ်ဝန်းကျင်နှင့် မိမိ မိသားစုကိုပါ ကာကွယ်ပေးရာလည်းရောက်သည်။ နိုင်ငံတော်ကို ဝန်ထုပ်ဝန်ပိုးလျှော့ပေးရာ ရောက်သလို ရောဂါအတွက် သုံးစွဲရသည့် နိုင်ငံ၏အရင်းအမြစ်များ ကိုလည်း လျော့ပါးသက်သာစေသည်။

 

ကိုဗစ်-၁၉သည် ကမ္ဘာတစ်ဝန်းမှာလည်း ကူးစက်ပျံ့နှံ့မှု အရှိန်အဟုန်ကောင်းနေဆဲ။ အချို့နိုင်ငံများတွင် ဖြေလျှော့ပေးမှုများ ပြန်လည်ကန့်သတ် တင်းကျပ်ကြသည့် သတင်းများ တွေ့မြင်ဖတ်ရှုရသည်။ ကပ်ရောဂါကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေး အတားအဆီး အကန့်အသတ်များကို ဖြေလျှော့မှု ပေးလိုက်သည်နှင့် သတိလက်လွတ်သူတို့ကြောင့် ရောဂါကူးစက်မှုနှုန်း ပြန်လည်မြင့်မားလာသည့်အခါ အတားအဆီး၊ အကန့်အသတ်များ ပြန်လည်တင်းကျပ် ချမှတ်ကြရခြင်းဖြစ်သည်။ ယခုအခါ မိမိတို့နိုင်ငံတွင်လည်း ဖြေလျှော့မှုများ ပြုလုပ်ပေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိနေပြီဖြစ်သည်။ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များ ဆိုင်ထိုင်စားသောက်ခွင့်ပြုရန်၊ စက်ရုံ အလုပ်ရုံများ လည်ပတ်ခွင့်ပြုရန်၊ လေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲရန် စသည်စသည်တို့ကို နယူးနော်မယ်ဘောင်အတွင်းမှ ပြန်လည်ခွင့်ပြုသွားနိုင်ရေးအတွက် အစီအမံများပြုလုပ်နေသည်။ ပြည်သူတစ်ဦးချင်း အနေဖြင့်မူ မလိုအပ်ဘဲ အိမ်ပြင်မထွက်ရေး၊ အိမ်ပြင်ထွက်တိုင်း ပါးစပ်နှာခေါင်းစည်း တပ်ဆင်ရေး၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာမှ ခပ်ခွာခွာဆက်ဆံနေထိုင်ရေး၊ မကြာခဏလက်ကို စနစ်ကျစွာ ဆေးကြောရေးဟူသော အရိုးရှင်းဆုံး နည်းလမ်းလေးများဖြင့် မိမိကိုယ်ကိုယ် ကာကွယ်ရေးကို မမေ့မလျော့၊ မပေါ့ဆကြရန်ဟူ၍သာ တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။

 

မြန်မာ့အလင်း