တိုကျို   မတ်   ၁၉

ဖေဖော်ဝါရီလအတွင်း ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသွားအရေအတွက်သည် ယမန်နှစ် အလားတူကာလထက် ၆ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်လတွင် နိုင်ငံရပ်ခြားမှ လာရောက်လည်ပတ်သူ ၃ ဒသမ ၄၆ သန်းကျော်ရှိပြီး ဖေဖော်ဝါရီလအတွက် စံချိန်တင်အမြင့်ဆုံးဖြစ်ကြောင်း ဂျပန်အမျိုးသားခရီးသွားလုပ်ငန်းအဖွဲ့က ပြောကြားခဲ့သည်။

တရုတ်နှစ်သစ်ကူးကာလဖြစ်သည့်အတွက် ဖေဖော်ဝါရီလတွင် ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်သည့်   တရုတ်ခရီးသွားအရေအတွက် မြင့်တက်လာခဲ့သည်။

အလားတူ တောင်ကိုရီးယားနိုင်ငံမှ လာရောက်လည်ပတ်သူပေါင်း ၂၈ ဒသမ ၂ ရာခိုင်နှုန်းတိုးလာပြီး တရုတ်(တိုင်ပေ)မှ လာရောက်လည်ပတ်သူပေါင်း ၃၆ ဒသမ ၇ ရာခိုင်နှုန်း အသီးသီး မြင့်တက်လာခဲ့သည်။

ထို့ပြင် ခရီးသွားဝင်ရောက်မှုသည် ဟောင်ကောင်မှ ၁၉ ဒသမ ၆ ရာခိုင်နှုန်း၊ မက္ကဆီကိုမှ ၄၂ ဒသမ ၈ ရာခိုင်နှုန်းတိုးလာပြီး အိန္ဒိယနိုင်ငံမှ ၂၂ ဒသမ ၇ ရာခိုင်နှုန်းတိုးလာကြောင်း သိရသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်