ရန်ကုန် ဇွန် ၉
ဖိလစ်ပိုင် သုံးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ နောက်ဆုံးနေ့ကို ဇွန် ၉ ရက်က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ ရီဇယ်မန်မိုရီရယ်ကွင်း၌ကျင်းပရာ ဖိလစ်ပိုင်အသင်းက မြန်မာအသင်းကို ငါးဂိုး-တစ်ဂိုးဖြင့် အနိုင်ရ ခဲ့သည်။
နှစ်သင်းစလုံး ဂူအမ်ကို ဂိုးပြတ်အနိုင်ရထားသဖြင့် ယခုပွဲမှာ ချန်ပီယံဆုအတွက် အဆုံးအဖြတ်ဖြစ်နေပြီး ဂိုးကွာခြားချက်အသာရထားသည့် မြန်မာအသင်းသည် သရေကစားနိုင်ရုံဖြင့် ချန်ပီယံဆုရယူနိုင်မည်ဖြစ်သော်လည်း ဂိုးပြတ်အရှုံးနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။ မြန်မာအသင်းသည် ပထမပိုင်းတွင် တစ်ဂိုးသာပေးခဲ့ရသော်လည်း ပွဲပြီးခါနီး ၁၀ မိနစ်ဝန်းကျင်အတွင်း ဂိုးများ ဆက်တိုက်ပေးလိုက်ရကာ ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲပြုလုပ်လာပြီး ဆန်းဆက်နိုင်(ဂိုး)၊ ဟိန်းဇေယျာလင်း၊ စိုးမိုးကျော်၊ နန္ဒကျော်၊ ဇွဲခန့်မင်း၊ ဝေလင်းအောင်၊ ဇော်ဝင်းသိန်း၊ မြတ်ကောင်းခန့်၊ မောင်မောင်လွင်၊ မင်းမော်ဦး၊ သန်းပိုင်တို့ကို အသုံးပြုခဲ့သည်။ မြန်မာအသင်းသည် ပွဲအစပိုင်းတွင် အပြန်အလှန်ကစားနိုင်ပြီး မိနစ် ၄၀ ကျော်အထိ ဂိုးမပေးရသော်လည်း ပထမပိုင်းပြီးခါနီး နာကျင်အချိန်ပိုတွင် ဂိုးစတင်ပေးခဲ့ရသည်။ ဖိလစ်ပိုင်အသင်းအတွက် ဂိုးများကို ၄၅+၁ မိနစ်တွင် ဂျက်ဖာဆွန်တာဘီနက်စ်၊ ၅၄ မိနစ်တွင် ပေါတာဘီနက်စ်၊ ၈၀၊ ၉၀+၁ မိနစ်တွင် ဆီဘာစတန် ဘာရာကွီ၊ ၈၉ မိနစ်တွင် လီပေါ့တို့က သွင်းယူခဲ့သည်။ မြန်မာအသင်းအတွက် ချေပဂိုးတစ်ဂိုးကို ၈၃ မိနစ်တွင် ဝင်းနိုင်ထွန်းက သွင်းယူခဲ့သည်။ ပြိုင်ပွဲအပြီးတွင် ဖိလစ်ပိုင်အသင်းက ခြောက်မှတ်ဖြင့် ပထမ၊ မြန်မာအသင်းက သုံးမှတ်ဖြင့် ဒုတိယ၊ ဂူအမ်အသင်းက နှစ်ပွဲစလုံးရှုံးပြီး တတိယနေရာတွင် ရပ်တည်ခဲ့သည်။
သတင်း-ရှိုင်းထက်ဇော်
ဓာတ်ပုံ-MFF


