ဖိလစ်ပိုင် တပ်မတော်လေယာဉ်ပျက်ကျမှု သေဆုံးသူဦးရေ ၅၀ ထိရှိလာ

မနီလာ ဇူလိုင် ၅

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် ဇူလိုင် ၄ ရက်က လေယာဉ်ပျက်ကျမှုဖြစ်ပွားခဲ့ရာ ၄၇ ဦးသေဆုံးခဲ့ပြီး မြေပြင်မှ ထိခိုက်ဒဏ်ရာရသူ ၃ ဦးလည်း သေဆုံးခဲ့သဖြင့် သေဆုံးသူဦးရေ ၅၀ ထိရှိလာကြောင်း ဖိလစ်ပိုင်တပ်မတော်က ဇူလိုင် ၅ ရက် နံနက်အစောပိုင်းတွင် ပြောကြားခဲ့သည်။

တပ်မတော်လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် ၉၆ ဦးတွင် တပ်မတော်မှ တာဝန်ရှိသူ ၄၉ ဦးသည် ဒဏ်ရာများရရှိခဲ့သော်လည်း အသက်အန္တရာယ်မှ လွတ်မြောက်ခဲ့ကြောင်း ဖိလစ်ပိုင်စစ်တပ်မှ အကြီးအကဲဖြစ်သူ က ပြောခဲ့သည်။

အခင်းဖြစ်ပွားရာ မြေပြင်မှ အရပ်သား ၄ ဦးလည်း ဒဏ်ရာရှိခဲ့ကြောင်း အမျိုးသား ကာကွယ်ရေးဌာနက ယမန်နေ့က ပြောကြားခဲ့သည်။ ကာကွယ်ရေးဝန်ကြီး ဒယ်လ်ဖင်လိုရန်ဇာနာကလည်း ဆူလူပြည်နယ် ဂျိုလိုကျွန်းတွင် ဖြစ်ပွားခဲ့သည့် ဖိလစ်ပိုင်လေတပ်မှ C-130 ပို့ဆောင်ရေးလေယာဉ်ပျက်ကျမှုနှင့်ပတ်သက်၍ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပြီး ချိန်တွင် အဆိုပါဖြစ်ရပ်အား အသေးစိတ် စုံစမ်းစစ်ဆေးရန် ညွှန်ကြားခဲ့သည်။ ထူထောင်ရေးလုပ်ငန်းများ စတင်ပြီး တပ်မတော်မှ တာဝန်ရှိသူများအနေနှင့်လည်း အဆိုပါဖြစ်ရပ်အား စုံစမ်းစစ်ဆေးရန် စတင်နေပြီဖြစ်ကြောင်း ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။ လေယာဉ်ဆင်းသက်ရန် ပြင်ဆင်နေချိန်တွင် ဂျိုလိုကျွန်းရှိ လေဆိပ်အနီးတွင် လေယာဉ်ပျက်ကျပြီး ပေါက်ကွဲခဲ့ ခြင်းဖြစ်ကြောင်း ဒေသခံမီဒီယာများက ပြောခဲ့သည်။

အဆိုပါလေယာဉ်သည် တပ်ဖွဲ့ဝင်များကိုတင်ဆောင်ပြီး တောင်ပိုင်းရှိ မင်ဒါနာအိုကျွန်းမှတစ်ဆင့် မြို့တော်မနီလာမှ ဂျိုလိုကျွန်းသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါလေယာဉ်ကို စစ်ဘက်ဆိုင်ရာ အကူအညီပေးရေး အစီအစဉ်အရ ယခုနှစ်အစောပိုင်းတွင် အမေရိကန်မှ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

ဂျိုလိုကျွန်းသည် အဘူဆေးရက်ဖ် စစ်သွေးကြွများနှင့် ဆက်စပ်သည့် အကြမ်းဖက်အဖွဲ့များက ပြန်ပေးဆွဲခြင်း၊ ဗုံးခွဲခြင်းကို လုပ်ဆောင်နေသည့် ဒေသတစ်ခုဖြစ်ပြီး လေယာဉ်ပေါ်တွင်ပါလာသည့် တပ်ဖွဲ့ဝင်များအား အဆိုပါဒေသတွင် လုံခြုံရေးချထားရန် ခေါ်ဆောင်လာခြင်းဖြစ်သည်။

ကိုးကား-ကျိုဒို     

ဘာသာပြန်-စုရည်