မနီလာ၊ ဖေဖော်ဝါရီ ၂၀
ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းရှိ နူရီဗာဗဇ်ကာရာ ပြည်နယ်၌ ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းက သေနတ်သမားများက ဗင်ကားတစ်စီးကို ချုံခိုပစ်ခတ်မှုကြောင့် ဒေသဆိုင်ရာ အရာရှိတစ်ဦး အပါအဝင် လူခြောက်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
ဖိလစ်ပိုင်မြောက်ပိုင်း ကာဂါရန်ပြည်နယ်မြောက်ပိုင်း အေပါရီမြို့သို့ ထွက်ခွာလာသည့် အဆိုပါ ဗင်ကားသည် ဘာဂါဘတ်မြို့ အဝေးပြေးလမ်းမကြီးပေါ်၌ ဒေသ စံတော်ချိန် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ ရဲတပ်ဖွဲ့ ယူနီဖောင်းဝတ်စုံကို ဝတ်ဆင်ထားသော မျက်နှာဖုံးစွပ် သေနတ်သမား ခြောက်ဦးသည် လမ်းမပေါ်တွင် ပိတ်ဆို့ကာ ဗင်ကားကို ရပ်တန့်စေခဲ့ကြောင်း၊ ထို့နောက် လက်နက်ကိုင်အဖွဲ့များက ကားကိုပစ်ခတ်ခဲ့ရာ ခြောက်ဦးသေဆုံးခဲ့ကြောင်း ကနဦးစုံစမ်း စစ်ဆေးမှု အချက်အလက်များက ဆိုသည်။ အဆိုပါ သေနတ်သမားများသည် ချုံခိုတိုက်ခိုက်ပြီးနောက် ထွက်ပြေးသွားခဲ့သည်။
အသတ်ခံရသူများ အနက်တစ်ဦးမှာ အေပါရီမြို့၏ ဒုတိယမြို့တော်ဝန်ဖြစ်ပြီး ကျန်ငါးဦးမှာ ၎င်း၏ လက်ထောက်များဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုထားပြီး ပစ်ခတ်မှုဖြစ်ပွားသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှု များ လုပ်ဆောင်လျက်ရှိသည်။
ဆင်ဟွာ