ဖိလစ်ပိုင်၌ ငလျင်လှုပ်၊ လူနှစ်ဦးထက်မနည်းသေဆုံး၊ အများအပြားဒဏ်ရာရ

mdn

မနီလာ ၃၀ အောက်တိုဘာ

 

ဖိလစ်ပိုင်နိုင်ငံတောင်ဘက် ကိုတာဘာတိုပြည်နယ်တွင် အောက်တိုဘာ ၂၉ ရက်က ပြင်းအား ၆ ဒသမ ၆ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ လူနှစ်ဦးထက်မနည်းသေဆုံးပြီး ရာနှင့်ချီဒဏ်ရာရရှိခဲ့ကြောင်း ဖိလစ်ပိုင် တာဝန်ရှိသူများက ပြောကြားသည်။

 

ငလျင်လှုပ်ခတ်ပြီးနောက် ပြိုကျသောအကျိုးအပဲ့များကြောင့် ကိုတာဘာတိုပြည်နယ်တောင်ဘက် ကိုရိုနာဒါလ်မြို့တွင် အသက် ၆၆ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးပြီး ဒါဗိုးဒယ်လ်ဆူပြည်နယ် မက်ဂ်ဆေးဆေမြို့တွင် အသက် ၁၅ နှစ်အရွယ် ယောက်ျားလေးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

ထို့အတူ ကိုတာဘာတိုပြည်နယ် ကီဒါပါဝန်နှင့် မလန်မြို့တို့တွင် လည်း ငလျင်ဒဏ်ကြောင့် လူ ၄၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာသဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီက ပြောကြားသည်။

 

အဆိုပါ ငလျင်သည် ကိုတာဘာတိုပြည်နယ် တူလူနာမြို့မှ အရှေ့ တောင်ဘက် ၂၅ ကီလိုမီတာခန့်အကွာ မြေအောက်အနက် ခုနစ် ကီလို မီတာခန့်တွင်ဗဟိုပြုပြီး ဒေသစံတော်ချိန် နံနက် ၉ နာရီ ၄ မိနစ်ခန့်က လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်မီးတောင်နှင့် ငလျင်ဆိုင်ရာ တာဝန်ရှိသူများက ပြောကြားသည်။

 

ဒေသဆိုင်ရာရဲတပ်ဖွဲ့၏အဆိုအရ ငလျင်ဒဏ်ကြောင့် မက်ဂ်ဆေးဆေမြို့တွင် မြေပြိုမှုတစ်ခုဖြစ်ပွားခဲ့ရာ လူတစ်ဦး သေဆုံးပြီး နှစ်ဦးထက် မနည်းပျောက်ဆုံးကာ အခြားလူ ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖိလစ်ပိုင်နိုင်ငံ ကီဒါပါဝန်မြို့၊ ဆာရန်ဂါနီပြည်နယ်၊ ဒါဗိုးမြို့၊ ကိုရို နာဒါလ်မြို့၊ ကာဂါယန်ဒီအိုရိုမြို့၊ ဂျနရာလ်ဆန်တော့စ်မြို့၊ ဇမ်ဘောင်ဂါမြို့နှင့် ဘူကစ်သ်နွန်ပြည်နယ်တို့သည် အဆိုပါငလျင်ဒဏ်ကို ပြင်းထန် စွာခံခဲ့ရပြီး ဒေသခံပြည်သူများသည် ၎င်းတို့၏ နေအိမ်နှင့် အဆောက်အအုံများမှ အပြင်ဘက်သို့ ထွက်ပြေးတိမ်းရှောင် ခဲ့ကြကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

 

ငလျင်ဒဏ်သင့်ဒေသများတွင် လျှပ်စစ်ဓာတ်တိုင်များပြိုလဲပြီး လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ပွားကာ ပြတင်းပေါက် မှန်များလည်း အစိတ်စိတ်အမြွှာမြွှာ ကွဲအက်ခဲ့သည်။ ဒေသဆိုင်ရာ ဆေးရုံတစ်ရုံရှိ လူနာများကိုလည်း ဘေးကင်းလုံခြုံရေးအတွက် ဆေးရုံမှ ဘေးလွတ် ရာသို့ ပြောင်းရွှေ့ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။


ကိုးကား - ဆင်ဟွာ


ဘာသာပြန် - ဂျေတီ