ဖိလစ်ပိုင်နိုင်ငံ မီးတောင်ပေါက်ကွဲမှုကြောင့် ဘာတန်ဂတ်ပြည်နယ်  ဘေးအန္တရာယ် အခြေအနေကြေညာ

၁၄ ဇန်နဝါရီ

 

ဖိလစ်ပိုင်နိုင်ငံတွင် မီးတောင်ပေါက်ကွဲမှုကြောင့် ပြာမှုန့်များ ပျံ့နှံ့နေသဖြင့် ဒေသတွင်းနေထိုင်သူ ၁၀၀၀၀ ကျော်ကို ဘေးကင်းရာသို့ရွှေ့ပြောင်းရန် ဘေးအန္တရာယ် အခြေအနေတစ်ရပ်ကို ဘာတန်ဂတ်ပြည်နယ်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

 

5

 

မြို့တော်မနီလာ တောင်ဘက် ၆၀ ကီလိုမီတာအကွာရှိ လုဇွန်ကျွန်း Taal မီးတောင်အနီးတွင် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ မီးတောင်မှ မီးခိုးများသည် မီတာ ၁၅၀၀၀ ခန့် ပျံ့နှံ့လျက်ရှိသည်ဟု တာဝန်ရှိသူများက ဆိုသည်။

 

မီးတောင်ပြာမှုန်များ နေရာအနှံ့ ပျံ့နှံ့နေသည်။ ဘာတန်ဂတ်နှင့်ကာဗိုက် ပြည်နယ်များတွင် နေထိုင်သူများသည် ခိုလှုံရေးစခန်းများတွင် ခိုလှုံနေကြသည်။ ဒေသန္တရ တာဝန်ရှိသူများက ခန့်မှန်းခြေအားဖြင့် ဘေးကင်းရာသို့ ပြောင်းရွှေ့လာသူ ၁၈၀၀၀ ခန့်ရှိသည်ဟု ဆိုသည်။

 

အဆိုပါ ကြေညာချက်ထုတ်ပြန်ပြီးနောက် ဗဟိုအစိုးရသည် စစ်တပ်များနှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများကို ယင်းဒေသများသို့ စေလွှတ်ခဲ့သည်။

 

54

 

ထိုမီးတောင်ပြာမှ မျက်စိနှင့်အသက်ရှုမှုဆိုင်ရာ အခက်အခဲများဖြစ်နေသူများကို ဆရာဝန်များက ကုသပေးနေစဉ် စစ်တပ်မှ စားနပ်ရိက္ခာနှင့် အရေးပေါ်ကယ်ဆယ်ရေး ပစ္စည်းများ ပို့ဆောင်နေကြောင်း ဖော်ပြထားသည်။

 

ကိုးကား- အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို