မနီလာ နိုဝင်ဘာ ၂၄
ဖိလစ်ပိုင်နိုင်ငံမြို့တော် မနီလာ၌ နိုဝင်ဘာ ၂၄ ရက်တွင် လူနေ ရပ်ကွက်တစ်ခုမှစ၍ ကြီးမားသည့် မီးလောင်မှုကြီးဖြစ်ပွား ပြီးနောက် မိသားစု ၂၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်သွားကြ ကြောင်း ဒေသတွင်းအာဏာပိုင်များက ပြောကြားသည်။ မြို့တော်မနီလာ၌ နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခြင်းကြောင့် နေအိမ် ၁၀၀၀ ဝန်းကျင်ဆုံးရှုံးခဲ့ကြောင်း မနီလာမြို့ မီးသတ်ဌာနမှ မီးသတ်သမား အလက်ဂျန်းဒရို ရာမို့စ်ကပြောကြားသည်။
မီးလောင်ရာ နေရာပေါ်သို့ ဖိလစ်ပိုင်လေတပ်က ရေများဖျန်းပက်ရန် ရဟတ်ယာဉ်များကို အသုံးပြုခဲ့ကြောင်း၊ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ကလည်း မီးငြှိမ်းသတ်ရန် မီးသတ်ရေယာဉ် လေးစင်းကိုပေးပို့ခဲ့ကြောင်း၊ ထို့ပြင် မီးသတ်ကား ၃၀ ဝန်းကျင်လည်း မီးလောင်မှုဖြစ်ပွားရာ နေရာသို့ သွားရောက်ခဲ့ကြောင်း သိရသည်။
ပင်လယ်အော်မှ လေပြင်း များတိုက်ခတ်မှုကြောင့် မီးလောင်မှုမှာ လျင်မြန်စွာပျံ့နှံ့လောင်ခြင်းဖြစ်ပြီး မီးငြှိမ်းသတ်ရန် လမ်းကျဉ်းများက အဟန့်အတား ဖြစ်စေကြောင်း၊ မီးလောင်မှု ဖြစ်ပွားချိန်တွင် ဒေသခံများက ထွက်ပြေးတိမ်းရှောင်နေစဉ် လမ်းများပေါ်၌ ပြည့်ကျပ်နေသဖြင့်မီးသတ်သမားများအတွက် အခက်အခဲ ဖြစ်စေကြောင်း မို့စ် က ပြောကြားသည်။
အဆိုပါ မီးလောင်မှုမှာ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ တွင် မီးငြိမ်းသွားကြောင်း မနီလာသဘာဝဘေးအန္တရာယ် လျော့ပါးရေးနှင့် စီမံခန့်ခွဲရေးရုံးက ကြေညာခဲ့သည်။ မီးသတ်သမားအချို့ ဒဏ်ရာရရှိသော်လည်း ယခုအချိန်အထိ သေဆုံးသူမရှိသေးကြောင်းနှင့် မီးလောင်မှု ဖြစ်ပွားရသည့်အကြောင်းကို စုံစမ်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဆင်ဟွာ