ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း၌ ပြင်းအား ၇ ဒသမ ၀  ပမာဏရှိ ငလျင်လှုပ်ခတ်သဖြင့် လူ ၃၀ ခန့်ဒဏ်ရာရ၊ နှစ်ဦးသေဆုံး

ဇူလိုင် ၂၇

 

ဖိလစ်ပိုင်နိုင်ငံ လူဇုန်ကျွန်းတွင် ယနေ့  ပြင်းအား ၇ ဒသမ ၀ ပမာဏရှိ ငလျင်လှုပ်ခတ်သဖြင့် နှစ်ဦးထက်မနည်းသေဆုံးခဲ့ပြီး ၃၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရတာဝန်ရှိသူများက ပြောကြားသည်။

 

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာလျှော့ချရေးနှင့်စီမံခန့်ခွဲရေးကောင်စီက ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းရှိ ဘန်ဂတ်ပြည်နယ်တွင် တစ်ဦးသေဆုံးပြီး ငါးဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်း အတည်ပြုထားသည်။

 

အေဘရာပြည်နယ်အုပ်ချုပ်ရေးမှူး ဂျိုစီလန်ဘာနော့က ထိုငလျင်လှုပ်ခတ်မှုကြောင့် ၂၅ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ပြီး အသက် ၂၅ နှစ်အရွယ်အမျိုးသားတစ်ဦးသည်လည်း ကွန်ကရစ်ပြားဖြင့်ပိမိပြီး သေဆုံးသွားသည်ဟု ဆိုသည်။

 

ဖိလစ်ပိုင်သမ္မတ မားကို့စ်သည် ယနေ့နှောင်းပိုင်းတွင် ထိုငလျင်ဒဏ်ခံရသည့်ဒေသသို့သွားရောက်ရန် စီစဉ်ထားကြောင်း ၎င်း၏အတွင်းရေးမှူး ရို့ဘီဖရစ်ခရုအိန်ဂျလိစ်က ဆိုသည်။

 

ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း အေဘရာပြည်နယ်တွင် ဒေသစံတော်ချိန် မနက် ၈ နာရီ ၄၃ မိနစ်က ပြင်းအား ၇ ဒသမ ၀ ပမာဏရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း ဖိလစ်ပိုင်မီးတောင်နှင့်ငလျင်ဆိုင်ရာအင်စတီကျု့က ပြောကြားခဲ့သည်။

 

ဖိလစ်ပိုင်နိုင်ငံသည် ပစိဖိတ်မီးကွင်းတစ်လျှောက်တွင်ရှိသဖြင့် မကြာခဏငလျင်လှုပ်ခတ်လေ့ရှိသည်။

 

၁၉၉၀ ခုနှစ် ဇူလိုင် ၁၆ ရက်က ပြင်းအား ၇ ဒသမ ၈ ပမာဏရှိ ငလျင်လှုပ်ခတ်ခဲ့ရာ  အော်ရိုရာပြည်နယ်မှ နျူအိဗာဗစ်ကာရာအထိ ကီလိုမီတာ ၁၂၅ အရှည်ထိ မြေပြင်အက်ကြောင်းဖြစ်သွားခဲ့ပြီး လူပေါင်း ၁၂၀၀ နီးပါးသေဆုံးကာအဆောက်အအုံများနှင့်လူနေအိမ်များ ပျက်စီးသွားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို