ဇွန် ၁၆
ဖိလစ်ပိုင်နိုင်ငံ မင်ဒါနာအိုကျွန်းတောင်ပိုင်းကမ်းရိုးတန်းတွင် ဇွန်လ ၈ ရက်နေ့က ပြင်းအား ၇ ဒသမ ၈ ပမာဏရှိသော ငလျင်လှုပ်ခတ်မှုဖြစ်ပွားပြီးနောက် လူ ၆၈ ဦးထက်မနည်းသေဆုံးပြီး ၃၃ ဦးပျောက်ဆုံးလျက်ရှိကြောင်း အမျိုးသားဘေးအန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲရေးကောင်စီ (NDRRMC) က ယနေ့တွင် ပြောကြားခဲ့သည်။
အဆိုပါငလျင်သည် အိမ်ထောင်စုပေါင်း ၃၃၇၀၀၀ ကျော် သို့မဟုတ် လူဦးရေ ၁ ဒသမ ၃၈ သန်းခန့်ကို သက်ရောက်မှုရှိသည်ဟု ဖော်ပြထားသည်။ အိမ်ခြေ ၆၈၀၀၀ နီးပါး ပျက်စီးခဲ့ပြီး ၎င်းတို့အနက် ၁၂၃၈၀ ကျော်လုံးဝပျက်စီးသွားသည်ဟု သိရသည်။
ဖိလစ်ပိုင် မီးတောင်နှင့် ငလျင်ဗေဒဌာနက ဇွန်လ ၈ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၇ နာရီ ၃၇ မိနစ်တွင် မင်ဒါနာအိုကျွန်း ဆာရန်ဂါနီပြည်နယ်ရှိ မာအာစင်မြို့ကမ်းရိုးတန်း၏ အနောက်တောင်ဘက် ၃၂ ကီလိုမီတာ အကွာရှိ မြေအောက်အနက် ၃၃ ကီလိုမီတာတွင် ဗဟိုပြုလှုပ်ခတ်ခဲ့သည်ဟု ပြောကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံသည် ပစိဖိတ် မီးကွင်း တစ်လျှောက်တွင် တည်ရှိသောကြောင့် မကြာခဏ ငလျင်လှုပ်ရှားမှုများနှင့် ကြုံတွေ့ရလေ့ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


