ဖိလစ်ပိုင်နိုင်ငံ၌ အပူပိုင်းမုန်တိုင်းမီဂီတိုက်ခတ်မှုကြောင့် သေဆုံးသူ ၂၂၄ ဦး ရှိလာ

ဧပြီ ၂၁

 

ဖိလစ်ပိုင်နိုင်ငံတွင် အပူပိုင်းမုန်တိုင်းမီဂီတိုက်ခတ်မှုကြောင့် ရေကြီးရေလျှံမှုနှင့်မြေပြိုမှုများဖြစ်ပွားခဲ့သဖြင့် သေဆုံးသူ ၂၂၄ ဦးအထိ မြင့်တက်လာကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့်စီမံခန့်ခွဲရေးကောင်စီက ယနေ့တွင် ပြောကြားသည်။

 

မုန်တိုင်းဒဏ်သင့် ပြည်နယ်များက အစိုးရကယ်ဆယ်ရေးအေဂျင်စီထံသို့ ၁၄၇ ဦး ပျောက်ဆုံးနေဆဲဖြစ်သည်ဟု သတင်းပေးပို့ခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းတွင် သေဆုံးသူ ၂၂၁ ဦးနှင့် တောင်ပိုင်းတွင် သေဆုံးသူ သုံးဦးတွေ့ရှိခဲ့သည်ဟု ထိုအေဂျင်စီကဆိုသည်။

 

ထိုမုန်တိုင်းသည် ဧပြီ ၁၀ ရက်နေ့က ကုန်းမြေပေါ်သို့ မဝင်ရောက်မီနှင့် ဝင်ရောက်ပြီးချိန်တို့တွင် ဖိလစ်ပိုင် အလယ်ပိုင်းနှင့်တောင်ပိုင်းတို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လစ်တီပြည်နယ်ရှိ ကျေးရွာအများအပြားတွင် မြေပြိုမှုများ ဖြစ်ပွားကာ ဒေသအတော်များများတွင် ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့သည်။

 

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းသည် နိုင်ငံအတွင်းသို့ တိုင်ဖွန်းမုန်တိုင်းဝင်ရောက်ရာလမ်းကြောင်းဖြစ်နေသည်။ မိုးရာသီအတွင်း အထူးသဖြင့် တိုင်ဖွန်းမုန်တိုင်းဝင်ရောက်ချိန်တွင် နိုင်ငံတစ်ဝန်း၌ ရေကြီးမှုနှင့်မြေပြိုမှုများ ဖြစ်ပွားလေ့ရှိသည်။

 

ဖိလစ်ပိုင်နိုင်ငံသည် တိုင်ဖွန်းမုန်တိုင်းပတ်လမ်းကြောင်းတွင် တည်ရှိနေသဖြင့် ကမ္ဘာ့နိုင်ငံများတွင်  သဘာဝဘေးအန္တရာယ် အများဆုံးဖြစ်လေ့ဖြစ်ထရှိသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။

 

နိုင်ငံအတွင်းသို့ ပျမ်းမျှအားဖြင့် နှစ်စဉ်နှစ်တိုင်း တိုင်ဖွန်းမုန်တိုင်း အကြိမ် ၂၀ ခန့်ဝင်ရောက်လေ့ရှိရာ အချို့သောမုန်တိုင်းများသည် ပြင်းထန်လေ့ရှိသည်။ ယခုနှစ်တွင် မီဂီမုန်တိုင်းဝင်ရောက်တိုက်ခတ်မှုသည် ပထမဆုံးအကြိမ်ဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို