မနီလာ မတ် ၂၃
ဖိလစ်ပိုင်နိုင်ငံတစ်ဝန်း စက်သုံးဆီဈေးနှုန်းများ မြင့်တက်မှုကြောင့် ဆီဆိုင် ၄၀၀ ကျော် လုပ်ငန်းရပ်တန့်ခဲ့ကြောင်း ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့ (PNP) က မတ် ၂၃ ရက်တွင် ပြောကြားသည်။
ဖိလစ်ပိုင်နိုင်ငံအတွင်း ပိတ်ထားသည့် ဆီဆိုင်အရေအတွက်မှာ မတ် ၁၈ ရက်က ၂၇၃ ဆိုင်ရှိရာမှ ယခုအခါ ၄၀၃ ဆိုင်အထိ တိုးလာကြောင်း ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ Randulf Tuano က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
PNP က နိုင်ငံတစ်ဝန်း ဓာတ်ဆီဆိုင်စုစုပေါင်း ၁၄၃၁၃ ဆိုင်ကို စောင့်ကြည့်စစ်ဆေးလျက်ရှိပြီး နိုင်ငံ၏လက်ရှိ စက်သုံးဆီတင်သွင်းမှုမှာ ဧပြီလလယ်အထိ ကြာမြင့်မည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ပြောကြားသည်။
PNP သည် နိုင်ငံ၏ ဒေသအများအပြား၌ တရားမဝင် စက်သုံးဆီရောင်းချခြင်း၊ သိုလှောင်ခြင်းနှင့် အမြတ်ထုတ်ခြင်းတို့နှင့် ဆက်စပ်သည့်ကိစ္စများကို မှတ်တမ်းတင်ထားပြီးဖြစ်ကြောင်း ပြောသည်။
ဆင်ဟွာ
ဓာတ်ပုံ-The Filipino Times


