ဖိလစ်ပိုင်နိုင်ငံ၌ စူပါတိုင်ဖွန်းမုန်တိုင်းနိုရူတိုက်ခတ်မှုကြောင့် လူငါးဦး သေဆုံး

စက်တင်ဘာ ၂၆

 

ဖိလစ်ပိုင်နိုင်ငံတွင် ယမန်နေ့မွန်းလွဲပိုင်းကစတင်ကာ စူပါတိုင်ဖွန်းမုန်တိုင်း နိုရူတိုက်ခတ်ခဲ့ရာ လေပြင်းထန်ခြင်းနှင့် မိုးသည်းထန်စွာရွာသွန်းခြင်းတို့ ဖြစ်ပွားခဲ့ပြီး လူငါးဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

 

မြို့တော်မနီလာ၏မြောက်ဘက် ဆန်မီဂီရယ်မြို့တွင် ရုတ်တရက်ရေကြီးရေလျှံမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသော ကယ်ဆယ်ရေးသမားငါးဦးသည် ရေစီးနှင့်မျောပါသွားခဲ့သည်ဟု ဘူလာကန်ပြည်နယ်အုပ်ချုပ်ရေးမှူး ဒန်နီရယ်ဖာနန်ဒိုက ယနေ့မနက်တွင် ပြောကြားသည်။ ထိုမြို့၏အချို့နေရာများသည် ရွှံ့ရေများအောက်တွင် ရှိနေဆဲဖြစ်သည်။

 

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်သည် ယနေ့တွင် ထိုမုန်တိုင်းတိုက်ခတ်ရာ မနီလာမြို့မြောက်ပိုင်းရှိပြည်နယ်သုံးခုကို လေကြောင်းဖြင့် စစ်ဆေးကြည့်ရှုခဲ့သည်။

 

ထို့အပြင် မားကို့စ်သည် ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါမုန်တိုင်းဝင်ရောက်တိုက်ခဲ့သော ကီဇုန်ပြည်နယ်သို့လည်း အပျက်အစီးများစစ်ဆေးကြည့်ရှုရန် သွားရောက်နိုင်ချေရှိသည်ဟု သိရသည်။

 

နိုရူမုန်တိုင်းသည် ဖိလစ်ပိုင်နိုင်ငံတွင် ယခုနှစ်အတွင်း တိုက်ခတ်သော အားအပြင်းဆုံးဆိုင်ကလုန်းမုန်တိုင်းဖြစ်ပြီး ၁၁ ကြိမ်မြောက်မုန်တိုင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

 

ပျမ်းမျှအားဖြင့် ကျွန်းစုနိုင်ငံတွင် နှစ်စဉ် တိုင်ဖွန်းမုန်တိုင်း အကြိမ် ၂၀ တိုက်ခတ်လေ့ရှိပြီး အချို့မုန်တိုင်းများသည် ပြင်းထန်ပြီး အပျက်အစီးများသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို