ဖိလစ်ပိုင်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၄၂၄၉ ဦး ထပ်မံတွေ့ရှိ

မနီလာ ဩဂုတ် ၁၅

ဖိလစ်ပိုင်နိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၄၂၄၉ ဦးထပ်မံတွေ့ရှိခဲ့ရာ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၁၇၂၇၂၃၁ ဦး ရှိလာကြောင်း ဖိလစ်ပိုင်ကျန်းမာရေးဌာနက ယနေ့သတင်းထုတ်ပြန်သည်။

အဆိုပါဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်သည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ စတင်ကူးစက်ပျံ့နှံ့သည့် ပြီးခဲ့သည့်နှစ်ဇန်နဝါရီလကစပြီး နေ့စဉ်ကူးစက်မှုအရေအတွက် ဒုတိယအများဆုံး ဖြစ်သည်။

အလားတူ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် ၂၃၃ ဦးထပ်မံသေဆုံးခဲ့ရာ အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၃၀၀၇ဝ ရှိလာသည်။

နိုင်ငံတစ်ဝန်းရှိ ဗိုင်းရပ်စ်ကူးစက်မှုအရေအတွက် မြင့်တက်လျက်ရှိသည့် ဒေသပေါင်း ၅၄ ခု၌ ရောဂါကာကွယ်ရေး စည်းမျဉ်းများကို တင်းကျပ်စွာ ချမှတ်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မာရီယာရို ဆာရီယို ဗာဂျီရီက ပြောသည်။

အဆိုပါဒေသများရှိ ဆေးရုံများကိုလည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများ ဆေးဝါးကုသမှုခံယူနိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အောက်ဆီဂျင် များကိုလည်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထို့ပြင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်တက်လျက်ရှိသည့်အတွက် ရှေ့တန်းမျက်နှာစာတွင် တာဝန်ထမ်းဆောင်ရန် ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို အရေးပေါ် ငှားရမ်းသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မာရီယာ ရိုဆာရီယို ဗာဂျီရီက ပြောသည်။

လက်ရှိအချိန်အထိ ကျန်းမာရေးဝန်ထမ်း ၂၂၇၄ ဦးသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရပြီး ၎င်းတို့အနက် ၁၀၂ ဦး သေဆုံးခဲ့သည်။

လူဦးရေ သန်း ၁၁၀ ရှိသော ဖိလစ်ပိုင်နိုင်ငံ၌ ပြည်သူ ၁၆ သန်းကျော်ကို ကိုဗစ်၁၉ ရောဂါ ရှိ၊ မရှိ စစ်ဆေးမှုများပြုလုပ်ပြီးဖြစ်ကြောင်း သိရသည်။

ကိုးကား- ဆင်ဟွာ၊

ဘာသာပြန်- အောင်ကျော်ကျော်