ဖိလစ်ပိုင်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၈ သိန်းကျော်ရှိ

မနီလာ ဒီဇင်ဘာ ၃ 

ဖိလစ်ပိုင်နိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅၆၄ ဦး ထပ်မံတွေ့ရှိသဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၂၈၃၃၄၇၃ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

ထို့ပြင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ပေါင်း ၄၀ ထပ်မံ တွေ့ရှိရသဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၄၈၇၅၂ ဦး ရှိလာသည်။ နိုင်ငံအတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးစီးသူများသည် ဒီဇင်ဘာ ၃ ရက်မှ စတင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပိုဆောင်း ထိုးနှံမှုခံယူနိုင်ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပိုဆောင်း ထိုးနှံမှုခံယူခြင်းဆိုင်ရာ ကျန်းမာရေး လမ်းညွှန်ချက်များကို ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ မာရီယာရိုဆာရီယိုဗာဂျီရီက ပြောကြားသည်။ လက်ရှိအချိန်၌ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ သန်း ၉၀ ကျော်ကို ထိုးနှံပေးနိုင်ခဲ့ပြီး ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီး စီးသူပေါင်း ၃၆သန်းကျော်ရှိကြောင်းသိရသည်။ လူဦးရေ သန်း ၁၁၀ ရှိသော ဖိလစ်ပိုင်နိုင်ငံ၌ ၂၂ ဒသမ ၅ သန်း ကျော်အား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ စစ်ဆေးပြီး ဖြစ်သည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ