ဖိလစ်ပိုင်နိုင်ငံ၌ ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူ ၅၇၃၅ ဦး ထပ်မံတွေ့ရှိ

 

မနီလာ  ဇူလိုင်  ၃၀

ဖိလစ်ပိုင်နိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူ ၅၇၃၅ဦးထပ်မံတွေ့ရှိသဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၅၇၂၂၈၇ ဦးရှိလာကြောင်း ဖိလစ်ပိုင်ကျန်းမာရေးဌာနက ပြောကြားသည်။

သေဆုံးသူပေါင်း ၂၇၅၇၇ ဦး အလားတူ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၇၆ ဦးကို ထပ်မံတွေ့ရှိရသဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၂၇၅၇၇ ဦးရှိလာသည်။ လက်ရှိအချိန်တွင် ဖိလစ်ပိုင်နိုင်ငံအတွင်း ဒယ်လ်တာဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေပြီး ယနေ့တွင် ဒယ်လ်တာဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၉၇ ဦးကို တွေ့ရှိရသောကြောင့် နိုင်ငံအတွင်း အဆိုပါ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၂၁၆ ဦးရှိလာသည်။

အဆိုပါ ထပ်မံဗိုင်းရပ်စ်ကူးစက်ခံရသူများ အနက် ၈၈ ဦးမှာ ပြည်တွင်းတွင် ကူးစက်ခံရသူများဖြစ်ပြီး ခြောက်ဦးမှာ ပြည်ပမှပြန်လာသူ ဖိလစ်ပိုင် နိုင်ငံသားများဖြစ်ကာ ကျန်သုံးဦးကို ပြည်တွင်း (သို့မဟုတ်) ပြည်ပမှ ကူးစက်လာခြင်းဟုတ်၊ မဟုတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

နိုင်ငံအတွင်း ဒယ်လ်တာဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအခြေအနေနှင့်ပတ်သက်ပြီး လိုအပ်သည့် သတင်းအချက်အလက်များ စုံစမ်းစစ်ဆေးရန် ကျန်းမာရေးဝန်ကြီးဌာနနှင့် ဒေသန္တရအစိုးရများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဇူလိုင်လလယ်ပိုင်းတွင် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများမြင့်တက်လာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ မာရီယာဗာဆာရီယို ဗာဂျီရီက ပြောကြားသည်။

ကိုးကား-ဆင်ဟွာ၊

ဘာသာပြန်-စိုးသူရ