ဖိလစ်ပိုင်နိုင်ငံ၌ မြေပြိုမှုကြောင့် ၉၂ ဦး သေဆုံး၊  ၃၆ ဦး ပျောက်ဆုံးနေ

ဖေဖော်ဝါရီ ၁၆

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဒါဗာအိုဒီအိုရိုပြည်နယ်တွင် ဖေဖော်ဝါရီ ၆ ရက်က မြေပြိုမှုဖြစ်ပွားခဲ့ရာ သေဆုံးသူ ၉၂ ဦး ရှိလာကြောင်း ဒေသတွင်းအာဏာပိုင်များက ယမန်နေ့ကပြောကြားသည်။ အဆိုပါမြေပြိုမှုကြောင့် ပျောက်ဆုံးနေသူ ၃၆ ဦးကို ရှာဖေွကယ်ဆယ်နေဆဲဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့က ဆိုရှယ်မီဒီယာတွင် ဖော်ပြထားသည်။ သေဆုံးသူများနှင့် ပျောက်ဆုံးနေသူများတွင် ကျောက်တုံးများ၊ ရွှံ့နွံများနှင့် သစ်ပင်များအောက်တွင် နစ်မြုပ်နေသော ဘတ်စ်ကားနှစ်စီးအတွင်းရှိ တွင်းလုပ်သားများပါဝင်သည်ဟု သိရသည်။ ထိုဘတ်စ်ကားများသည် အလုပ်သမားများအား တွင်းလုပ်ငန်းသို့ ကြို/ပို့လုပ်ဆောင်ပေးနေသောကားများဖြစ်ကြောင်းဖော်ပြထားသည်။ ၂၀၂၂ ခုနှစ် ကမ္ဘာ့အန္တရာယ်ညွှန်းကိန်းအရ ဖိလစ်ပိုင်နိုင်ငံအား ကမ္ဘာပေါ်ရှိ သဘာဝဘေး ဖြစ်ပွားမှု အများဆုံးနိုင်ငံများစာရင်းတွင် နံပါတ်(၁)နေရာ၌သတ်မှတ်ထားကြောင်းသိရသည်။ ဖိလစ်ပိုင်နိုင်ငံသည် အားကောင်းသောတိုင်ဖွန်းမုန်တိုင်းများ တိုက်ခတ်မှုကြောင့် ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများဖြစ်ပွားကာ ငလျင်လှုပ်ခတ်မှုများနှင့် မီးတောင်ပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပွားသောနိုင်ငံဖြစ်သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို