ဇူလိုင် ၁၀

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအိုတွင် ရေကြီးရေလျှံမှုဘေးအန္တရာယ်တုံ့ပြန်ရေးအတွက် ရဲတပ်ဖွဲ့ဝင် ၄၀၀ ကို စေလွှတ်ခဲ့ကြောင်း မီဒီယာများက ယနေ့တွင် ဖော်ပြခဲ့သည်။

ဖိလစ်ပိုင်သတင်းဌာန၏ ပြောကြားချက်အရ မင်ဒါနာအိုရှိ မာဂွင်ဒါနာအို ဒယ်လ် ဆာ နှင့် မာဂွင်ဒါနာအို ဒယ်လ် နော်တေး ပြည်နယ်များတွင် ပြီးခဲ့သည့် နှစ်ရက်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဘေးသင့်ခဲ့သည်ဟု သိရသည်။

ဘန်ဆာမိုရိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရဲတပ်ဖွဲ့ဒေသရုံး၏ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကြီး ခရစ္စတိုဖာ အဘေးစီယာက ပြည်နယ်များတွင် ဘေးအန္တရာယ်တုံ့ပြန်ရေးအတွက် ရဲတပ်ဖွဲ့ဝင် ၄၀၀ ကို တာဝန်ချထားပြီး လိုအပ်ပါကချက်ချင်းစေလွှတ်နိုင်ရန် တုံ့ပြန်ရေးအရန်တပ်ဖွဲ့မှ ဝန်ထမ်း ၇၈၀ ကျော်ကို အသင့်ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။

လက်ရှိတွင် မိသားစု ၂၇၈ စု သို့မဟုတ် လူဦးရေ ၁၉၂၃ ဦးခန့်သည် ယာယီအဆောက်အအုံများတွင် ခိုလှုံနေရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

မိုးရာသီသို့ ဝင်ရောက်လာပြီဖြစ်ရာ တိုင်ဖွန်းမုန်တိုင်းများတိုက်ခတ်မှုကြောင့် တောင်ပိုင်းရှိ တောင်တန်း ဒေသများတွင် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုကဲ့သို့သော သဘာဝဘေးအန္တရာယ်များကို မကြာခဏ ကြုံတွေ့ရလေ့ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို