ဖိလစ်ပိုင်နိုင်ငံ၌ ဖြစ်ပွားခဲ့သောမြေပြိုမှုကြောင့် ၁၁ ဦး သေဆုံး၊ လူပေါင်း ၁၀၀ ကျော် ပျောက်ဆုံးနေ

ဖေဖော်ဝါရီ ၉

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဒါဗာအိုဒီအိုရိုပြည်နယ်ရှိ ကျေးရွာများတွင် ဖြစ်ပွားခဲ့သော မြေပြိုမှုကြီးကြောင့် သေဆုံးသူ ၁၁ ဦးရှိလာပြီး အခြားပျောက်ဆုံးနေသူဦးရေ ၁၁၀ ရှိကြောင်း ပြည်နယ်အာဏာပိုင်များက ယမန်နေ့ကပြောကြားသည်။ မာကိုမြို့ သတ္တုတူးဖော်ရေးလုပ်ငန်းအနီး ဖေဖော်ဝါရီ  ၆ ရက်က မြေပြိုမှုဖြစ်ပွားခဲ့ရာ ရွာသား ၃၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ပြည်နယ်အစိုးရအဖွဲ့ကဆိုသည်။ အနီးနားရှိဒေသများနှင့် မာကိုသဘာဝဘေးအန္တရာယ်ကာကွယ်ရေး အေဂျင်စီမှ ကယ်ဆယ်ရေးသမားများသည် တောင်စောင်းတစ်လျှောက်ရှိ  ရွှံ့မြေ၊ ကျောက်တုံးကျောက်ဆောင်များနှင့် သစ်ပင်များအောက်တွင် နစ်မြုပ်ပျောက်ဆုံးနေသော ရွာသားများကိုရှာဖွေရန် နေရာရွှေ့ပြောင်းလုပ်ဆောင်ခဲ့ကြသည်။  အဆိုပါမြေပြိုမှုကြောင့် ပျောက်ဆုံးနေသူများတွင် သတ္တုတွင်းလုပ်သားများကြို/ပို့ ဘတ်စ်ကားနှစ်စီး၏ ခရီးသည်များနှင့် လူနေအိမ်များရှိလူများပါဝင်သည်ဟု သိရသည်။ မိုးရွာသွန်းမှုကြောင့်ဖြစ်သောမြေပြိုမှုတွင် အိမ်ထောင်စု ၁၁၆၆ စုထက်မနည်း ဘေးကင်းလုံခြုံရေးစင်တာများတွင် ယာယီနေထိုင်နေရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို