မနီလာ နိုဝင်ဘာ ၂၄
ဖိလစ်ပိုင်နိုင်ငံ၌ ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ နိုဝင်ဘာ ၁၆ ရက်အထိ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ ၃၄၀၈၆၀ ရှိကြောင်း ဖိလစ်ပိုင်ကျန်းမာရေး ဌာနက ယမန်နေ့တွင် ပြောကြားကြောင်းသိရသည်။ အဆိုပါ အရေအတွက်သည် ယမန်နှစ်အလားတူကာလထက် ၈၁ ရာခိုင်နှုန်း ကူးစက်မှုမြင့်တက်ခဲ့ခြင်းဖြစ်သည်။
သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၈၈၁ ဦးရှိခဲ့ကြောင်း ဖိလစ်ပိုင်ကျန်းမာရေးဌာနက ဆက်လက်ပြောကြားသည်။သေဆုံးမှုနှုန်းသည် ယခုနှစ်တွင် သုည ဒသမ ၂၆ ရာခိုင်နှုန်းရှိ ပြီး ယမန်နှစ် သုည ဒသမ ၃၄ ရာခိုင်နှုန်းထက် နည်းပါးကြောင်း သိရသည်။
အောက်တိုဘာလနှင့် နိုဝင်ဘာလများအတွင်း တိုင်ဖွန်းမုန်တိုင်း ခြောက်ကြိမ်တိုက်ခတ်ခဲ့ပြီးနောက် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည့်အတွက် ယခုကဲ့သို့ သွေးလွန်တုပ်ကွေးရောဂါကူးစက်မှုများ မြင့်တက်လာခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီး တီယိုဒိုရိုဟာဘိုဇာက ပြောကြားသည်။
ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများကို လိုက်နာရန် လိုအပ်ကြောင်း ဟာဘိုဇာက ပြည်သူများအား တိုက်တွန်း ပြောကြားသည်။ သွေးလွန် တုပ်ကွေးရောဂါသည် ဖိလစ်ပိုင်နိုင်ငံ၌ ဖြစ်ပွားမှုအများဆုံးရောဂါဖြစ်သည်။ သွေးလွန် တုပ်ကွေးအပါအဝင် ရေကြောင့် ဖြစ်သော ကူးစက်ရောဂါများသည် မိုးရာသီတွင် အဖြစ်များသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အောင်ကျော်ကျော်