ဖိလစ်ပိုင်နိုင်ငံသို့ ယခုနှစ်အတွင်း နိုင်ငံခြားခရီးသွား ငါးသန်းကျော်ဝင်ရောက်

ဒီဇင်ဘာ ၁၃

ဖိလစ်ပိုင်နိုင်ငံသို့ ယခုနှစ်ဇန်နဝါရီလမှစတင်ကာ နိုင်ငံခြားခရီးသွားငါးသန်းကျော် ဝင်ရောက်မှုရှိရာ ၂၀၂၃ ခုနှစ်အတွက် မျှော်မှန်းထားသည့် နိုင်ငံခြားခရီးသွားဝင်ရောက်မှု ၄ ဒသမ ၈ သန်းထက်ကျော်လွန်ခဲ့ကြောင်း ခရီးသွားလုပ်ငန်းဌာန ဒီအိုတီက ယမန်နေ့ကပြောကြားသည်။

အဆိုပါနိုင်ငံခြားခရီးသွားဝင်ရောက်မှုသည် ယမန်နေ့ကအထိ ၅၀၆၇၇၅၂  ဦးရှိသည်ဟု သိရသည်။ ထိုခရီးသွားလုပ်ငန်းမှ နိုင်ငံအတွက် ပီဆို ဘီလီယံ ၄၄၀ နီးပါးထက်မနည်း ( အမေရိကန်ဒေါ်လာ ၇ ဒသမ ၉ ဘီလီယံ နီးပါး) ဖြည့်ဆည်းပေးခဲ့ကြောင်း ဖော်ပြထားသည်။ ခရီးသွားလုပ်ငန်းသည် အလုပ်အကိုင် ၅ ဒသမ ၃၅ သန်းကျော် ဖန်တီးပေးခဲ့ပြီး နိုင်ငံသားအယောက် ၁၀၀လျှင် ၁၁ ဦးသည် ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သည့် အလုပ်အကိုင်များလုပ်ကိုင်မှုရှိကြောင်း ဖော်ပြထားသည်။

နိုင်ငံခြားခရီးသွားဝင်ရောက်မှုသည် ခရစ္စမတ်အားလပ်ရက်များတွင် ပိုမိုမြင့်တက်လာမည်ဟု ယုံကြည်ကြောင်း ခရီးသွားလုပ်ငန်း တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ ၂၀၂၄ ခုနှစ်တွင် နိုင်ငံခြားခရီးသွား ၇ ဒသမ ၇ သန်း ဝင်ရောက်မည်ဟု မျှော်မှန်းထားသည်။ ၂၀၂၂ ခုနှစ်က နိုင်ငံခြားခရီးသွား ၂ ဒသမ ၆၅ သန်းဝင်ရောက်ခဲ့ပြီး ပီဆို ဘီလီယံ ၂၀၈ ဒသမ ၉၆ ( အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံ) ဝင်ငွေရရှိခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို