ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၌ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် ပစ်ခတ်မှုဖြစ်ပွားရာ လူသုံးဦးသေဆုံးပြီးတစ်ဦးဒဏ်ရာရ

မေ ၉

 

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မက်ဂင်းဒါနိုပြည်နယ်ရှိ မဲရုံတစ်ရုံအနီးတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူသုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း  ထိုစစ်တပ်က ပြောကြားသည်။

 

အဆိုပါပစ်ခတ်တိုက်ခိုက်သူများသည် ဘူလန်မြို့တွင် ဆန္ဒမဲပေးမှုကိုကူညီဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များ အား ဒေသစံတော်ချိန် မနက်  ၇ နာရီ ၂၅ မိနစ်ခန့်တွင် ဗင်ကားနှစ်စီးပေါ်မှပစ်ခတ်သွားခြင်းဖြစ်သည်ဟု သိရသည်။

 

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဘတ်စီလန်ပြည်နယ် ဆမ်ဆစ်မြို့တွင်လည်း ယနေ့မနက်ပိုင်းက နောက်ထပ် ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က ဖော်ပြထားသည်။ ထိုပစ်ခတ်မှုတွင် ထိခိုက်သေဆုံးသူမရှိဟု ဆိုသည်။

 

ဖိလစ်ပိုင်ရွေးကောက်ပွဲမတိုင်မီတစ်ရက်အလို ယမန်နေ့ညက မက်ဂင်းဒါနိုပြည်နယ်တွင် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရမှုကြောင့် လူရှစ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ယနေ့မနက်အစောပိုင်းတွင် ပြောကြားသည်။

 

ဒါတူအန်ဆေးမြို့တွင် လက်ပစ်ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး ရှာရစ်ဖ်အာဂတ်မြို့အနီးတွင် နောက်ထပ်ပေါက်ကွဲမှုတစ်ကြိမ် ဖြစ်ပွားခဲ့သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

 

ထိုတိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့ကမျှ ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း ဝန်ခံပြောကြားခြင်းမရှိပေ။ ရဲတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်မည်ဟုယူဆထားသည့်နေရာများကို ရှာဖွေရေးများလုပ်ဆောင်လျက်ရှိသည်။

 

ဖိလစ်ပိုင်ပြည်သူ ၆၅ ဒသမ ၇ သန်းကျော်က သမ္မတသစ်တစ်ဦး၊ ဒုတိယသမ္မတသစ်တစ်ဦး၊ ဆီးနိတ်လွှတ်တော်အမတ် ၁၂ ဦး၊ အောက်လွှတ်တော်အမတ် ၃၀၀ ကျော်နှင့် ဒေသဆိုင်ရာအုပ်ချုပ်ရေးအရာရှိ ၁၇၀၀၀ ကျော်တို့ကို ရွေးကောက်တင်မြှောက်နိုင်ရန် ယနေ့တွင် မဲပေးရွေးချယ်ကြမည် ဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို